နိုဝင်ဘာ-၁၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
တရုတ်အစိုးရက ပြန်တောင်းပေးလို့ MNDAAဆီကနေ ပြန်ရခဲ့တဲ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)မှာ ၂နှစ်အတွင်း ၅ ဦးမြောက် တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် အောင်ကိုသွင်ကို အာဏာသိမ်းစစ်တပ်က ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။
အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် အောင်ကိုသွင်ကို ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ တာဝန်ပေးလိုက်တာလို့ နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။
ရမခလို့ အတိုကောက်ခေါ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ သြဂုတ်လမှာ MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တဲ့ စစ်ဌာနချုပ်ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးမှာရမခတိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကို MNDAA က ဖမ်းဆီးခဲ့ပါတယ်။ ရမခတိုင်းမှူးအဖြစ် မူဆယ်အခြေစိုက်တပ်မ(၉၉)တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို အာဏာသိမ်းစစ်က ယာယီအစားထိုးခဲ့ပါတယ်။

Public Service Announcement
အဲဒီနောက်ရမခကိုမိုင်းရယ်မြို့မှာ ယာယီပြန်ဖွဲ့စည်းပြီး ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို တိုင်းမှူးအဖြစ်ခန့်အပ်ခဲ့ပါတယ်။ဒါပေမယ့်လအနည်းငယ်အကြာမှာပဲ ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို တရုတ်အစိုးရရဲ့ သတင်းပေးမှုနဲ့အတူ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) တွေနဲ့ ဆက်နွှယ်ပတ်သက်မှုကြောင့်ပြန်လည်ဖမ်းဆီးပေးရပြန်ပါတယ်။
အဲဒီနောက် ရမခတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်အေးမင်းဦးကို တာဝန်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုလာလမှာတော့ ဗိုလ်မှူးချုပ်အေးမင်းဦး အစား ဗိုလ်မှူးချုပ် အောင်ကိုသွင်ကို တာဝန်ပေးလိုက်တာလို့သိရပါတယ်။
MNDAA ဟာ မဟာမိတ်တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊အာရက္ခတပ်တော်(AA)နဲ့အတူ ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ပြီး မြို့သိမ်းတိုက်ပွဲတွေကိုတိုက်ခိုက်ခဲ့ပါတယ်။MNDAAက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလမှာကျည် ၁ ချက်မဖောက်ဘဲ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။ လားရှိုးမြို့ကို တရုတ်အထူးသံတမန်တိန့်ရွှီကျွင်းဦးဆောင်တဲ့ ယာဉ်တန်းအကာအကွယ်ယူပြီး စစ်ကောင်စီတပ်တွေ ပြန်ဝင်လာရတာဖြစ်ပါတယ်။
စစ်တပ်သမိုင်း တလျှောက် ပထမဆုံး တိုင်းစစ်ဌာနချုပ်ဆုံးရှုံးမှုနဲ့တရုတ်အစိုးရရဲ့အကူအညီကြောင့် ပြန်ထိန်းချုပ်ခွင့်ရတဲ့အပေါ် စစ်ကောင်စီကိုလူထုကလှောင်ပြောင်ခဲ့ကြပါတယ်။
MNDAAကတော့ သိန္နီနဲ့ ကွတ်ခိုင်အပါအဝင် ထိန်းချုပ်မြို့နယ်တွေကို စုစည်းပြီး ခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ကိုးကန့်အထူးဒေသကို ဖွဲ့စည်းထားပါတယ်။MNDAA ထိန်းချုပ်ထားတဲ့ မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းနဲ့ မန္တလေး- ချင်းရွှေဟော် ပြည်ထောင်စုလမ်းပိုင်းပေါ်ကမြို့တွေကို ပြန်ပေးဖို့ စစ်တပ်က အကြိမ်ကြိမ်တောင်းနေပါတယ်။ ဒါပေမယ့် MNDAA က ပြန်မပေးသလို ထိန်းချုပ်ထားတဲ့မြို့တွေကို ကာကွယ်ဖို့ စစ်သင်တန်းဆင်းပွဲတွေမှာ တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းနေပါတယ်။စစ်တပ်ကလည်း ရမခနဲ့ လားရှိုးအခြေစိုက် စစ်တပ် တပ်ရင်းတွေကို အင်အားဖြည့်တင်းမှုတွေ ရှိနေပါတယ်။





















































