နိုဝင်ဘာ-၁၀၊၂၀၂၆။ကတ်သရင်း/ People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကျေးရွာတချို့ကို စစ်တပ်က ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး ပြည်သူ့လုံခြုံရေး(ပြည်သူ့စစ်)အဖွဲ့တွေ ဖွဲ့စည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်ကို စစ်တပ်က ၂၀၂၅ ဩဂုတ်မှာ ပြန်လည်ထိန်းချုပ်သွားနိုင်ပေမယ့် မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်အထိုင်စခန်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်ခြင်း မကြာခဏခံရပါတယ်။
အဲဒီနောက် စစ်တပ်က ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ ပြည်သူ့စစ်ဖွဲ့စည်းတာတွေရှိခဲ့ပေမယ့် ယခုတကြိမ်မှာ ပြည်သူ့လုံခြုံရေးဟုဆိုကာ ယူနီဖောင်းအပြာဝတ်တွေ ထပ်မံဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးထားတာလို့ သိရပါတယ်။

Public Service Announcement
စစ်တပ်ဟာ မန္တလေးမြို့က မြို့နယ်တချို့မှာလည်း အပြာဝတ်ပြည်သူ့စစ်အဖွဲ့တွေ ပြီးခဲ့တဲ့ ၂၀၂၅ အတွင်းက ဖွဲ့စည်းထားတာ ရှိပါတယ်။
“အခုသိထားတာက အရှေ့ခြမ်းမှာ အထက်တောင်ကိုင်းနဲ့ အနောက်ခြမ်းမှာ ဥဒိန်တို့မှာဖွဲ့စည်းပြီးပြီလို့ သိရတယ်။ပျူရွာဖွဲ့တဲ့ပုံစံလိုက်ဖွဲ့ နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဥဒိန်ကျေးရွာဟာ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာဖြစ်ပြီး အဲဒီကျေးရွာကို စစ်တပ် လက်အောက်ခံအဖြစ် အခိုင်အမာပြုလုပ်ကာ စစ်ကိုင်းတိုင်းဘက်က ဝင်လာနိုင်တဲ့ တော်လှန်ရေးတပ်တွေကို ကာဖို့အတွက်လည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
မတ္တရာမြို့နယ်မှာ ကားလမ်းဘေးကျေးရွာတွေကိုလည်း စစ်တပ်က ပေါ်တာဆွဲတာတွေလုပ်နေပြီး မတ္တရာမြို့နယ်အနောက်ခြမ်း ရေလည်ကျွန်း ဒေသတွေကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ် နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။





















































