နိုဝင်ဘာ-၁၁၊ ၂၀၂၆။ People’s Spring
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်ဟာ မနက်ဖြန် နိုဝင်ဘာ ၁၂ရက်မှာ နေပြည်တော်လာရောက်မယ့်ခရီးစဥ်အတွင်း နယ်စပ်လုံခြုံရေး၊ နယ်စပ်မြစ်ရေ ညစ်ညမ်းမှု၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ကုန်သွယ်ရေးအတားအဆီးတွေအကြောင်း ဆွေးနွေးသွားမယ်လို့ The Nation သတင်းဌာနက ဖော်ပြပါတယ်။
လာမယ့်သီတင်းပတ်မှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့နိုင်ငံရေး လတ်တလောဖြစ်ထွန်းမှုအခြေအနေကိုလည်း မျှဝေဖို့ ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အစိုးရအိမ်တော်မှာ ပြောကြားခဲ့ပါတယ်။ အာဆီယံထိပ်သီးညီလာခံကို နိုဝင်ဘာ ၁၆-၁၈ရက်တွေမှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီမတိုင်မီ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နယ်စပ်ဖြတ်ကျော် လက်နက်ကြီးပစ်ခတ်မှုနဲ့ ဗုံးသီးကျရောက်မှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေက ထိုင်းပိုင်နက်နဲ့ အရပ်သားပြည်သူတွေအပေါ် သက်ရောက်မှုမရှိစေရဘူးဆိုတဲ့ အစဥ်အလာနားလည်မှုသဘောတူညီချက်ကို ထပ်လောင်း ပြောကြားသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement
ထိုင်းနိုင်ငံရော အာဆီယံတို့ရောဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျှော့ချဖို့ လိုလားပြီး အဲဒါကပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခြေအနေတွေ ဖန်တီးနိုင်ဖို့ အထောက်အကူဖြစ်နိုင်မယ်လို့ ထိုင်းနိုင်ငံက ယုံကြည်ထားပါတယ်။
နောက်ပြီး ကုန်သွယ်ရေးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဟာ နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းတွေ စီးဆင်းမှု တိုးတက်လာဖို့ သွင်းကုန်လိုင်စင်တွေ အပါအဝင် အတားအဆီးတွေ ဖြေရှင်းနိုင်ဖို့ လိုလားနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးအစီရင်ခံစာကို ကိုးကားပြီး Kok မြစ်နဲ့ Sai မြစ်တွေအတွင်း ရေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ သတ္တုတူးဖော်မှုအပါအဝင် မြန်မာဘက်ခြမ်းက အခြေအနေတွေကို စစ်ဆေးဖို့လိုအပ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ရှမ်းပြည်နယ်ထဲက သတ္တုမိုင်းတူးဖော်မှုတွေနဲ့ဆက်စပ်ပြီး ရေထုညစ်ညမ်းမှု စိုးရိမ်ချက်တွေ၊ အဲဒီရှမ်းပြည်နယ်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ နေပြည်တော်အစိုးရရဲ့ လုပ်နိုင်စွမ်းအကြောင်း ပြောကြားရင်း မြန််မာအစိုးရအနေနဲ့ သူ့ပိုင်နက်ထဲက သတ္တုတူးဖော်ရေးကို ဖြေရှင်းနိုင်ဖို့ လိုအပ်တယ်လို့ ဆီဟာဆက် ပြောကြားပါတယ်။
အဲဒီကာလရှည်ကြာပြဿနာဟာ ထိုင်းလူမှုအသိုင်းအဝိုင်းတွေအကြား သက်ရောက်မှု ရှိနေပြီး အခုဆိုရင် ရေအရည်အသွေးဟာ ဆိုးရွားနေပြီလို့ ဆိုပါတယ်။ ညစ်ညမ်းသွားတဲ့ရေကို ပြန်လည်သန့်စင်ဖို့ ခက်ခဲတာကြောင့် အရေးပေါ်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီလို့ ထိုင်းသတင်းဌာန The Nation က ဖော်ပြပါတယ်။
ထိုင်းရဲ့သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဆူချတ်ကလည်း ချင်းရိုင်ခရိုင်ထဲက Sai မြစ်ရေဟာ အာဆင်းနစ်နဲ့ သတ္တုဓာတ်တွေ သတ်မှတ်စံချိန်ထက် ကျော်လွန်နေပြီး အဲဒါဟာ နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှု ပြဿနာဖြစ်တယ်လို့ နိုဝင်ဘာ ၁၀ရက်မှာ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲက Sai မြစ်၊ Kok မြစ် နဲ့ Ruak မြစ်တွေဟာ သတ္တုမိုင်းတူးဖော်မှုတွေ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲကနေ မြစ်ဖျားခံ စီးဆင်းလာတယ်လို့ ဆူချတ်က ပြောပါတယ်။
ကိုးကား – The Nation




















































