Connect with us

Hi, what are you looking for?

သတင်း

MNDAA က အုပ်ချုပ်ရေးယန္တရားအခိုင်အမာတည်ဆောက်နေသည့် သိန္နီကို စစ်ကောင်စီထပ်တောင်းနေဟု​ဆို

သန္နီကိုထပ်​တောင်း​နေ၍​ဆွေး​နွေးပွဲအ​ဖြေမထွက်ဘဲ ပြီးဆုံး

သိန္နီမြို့နယ်တွင် ခရိုင်ပြည်သူ့​ဆေးရုံ​ဆောက်ရန်MNDAA ကဇူလိုင်လကုန်ပိုင်းတွင်ပြုလုပ်​နေစဥ်။ ဓါတ်ပုံ-The Kokang

သြဂုတ်-၁၄၊၂၀၂၅။လူအေး/People’s Spring

MNDAA အရာရှိအချို့ နှင့် စစ်​ကောင်စီ၏အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးမင်းဦးတို့သည် လားရှိုးမြို့၌ ယနေ့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ရာ စစ်​ကောင်စီက သိန္နီမြို့ကို ပြန်ပေးရန်တောင်းဆိုခဲ့ကြောင်း ​ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် သြဂုတ်လ ၁၄ရက်နံနက်ပိုင်းကတွေ့ဆုံ​ဆွေး​နွေးခဲ့ကြခြင်းဖြစ်သည်။

“သိန္နီကိုပြန်တောင်းတယ်။ဆွေးနွေးပွဲအဖြေမထွက်ဘဲရပ်လိုက်တယ်” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ဆွေးနွေးရာတွင် ဝတပ်ဖွဲ့(UWSA)ကိုယ်စားလှယ်အချို့ပါဝင်ကြောင်း၎င်းက ပြောသည်။သို့​သော်People’s Spring ကသီးခြားအတည်မပြုနိုင်​​သေးပေ။

ဆွေးနွေးပွဲရလဒ် မထွက်ခြင်း၊ သိန္နီကို ပြန်ပေးရန် စစ်​ကောင်စီကဖိအားပေးနေခြင်းတို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနိုင်ငံရေးအခြေအနေသည် မှန်းဆရန်ခက်ခဲသွားပြီဟု အထက်ပါသတင်းရင်းမြစ်က​ပြောသည်။ ​ဆွေး​နွေးပွဲနှင့်ပက်သက်၍ MNDAA ကိုဆက်သွယ်ရန်ကြိုးစား​သော်လည်း ဆက်သွယ်၍မရ​သေးပါ။

သိန္နီမြို့မြို့ကို စစ်ကောင်စီက ပြန်လည်တောင်းယူနေကြောင်း သတင်းများသည် ပြီးခဲ့သည့် ဇွန်လကတည်းကထွက်ပေါ်ခဲ့သည်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် သိန္နီမြို့ကို အုပ်ချုပ်ရေး ဆက်တိုက်အရှိန်မြှင့်နေပြီး ရဲတပ်ဖွဲ့သင်တန်းဆင်းခြင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဖော်ဆောင်ခြင်း၊ စျေးများတည်ဆောက်ခြင်း၊ ခရိုင်​ဆေးရုံ​ဆောက်ရန်အုတ်မြစ်ချခြင်း ၊ကျန်းမာရေးဆိုင်ရာဝန်​ဆောင်မှုများတိုးမြှင့်​ပေး​နေခြင်း၊ မြို့တွင်းလျှပ်စစ်မီးတိုင်များ စိုက်ထူပြီး မြို့ပြလုပ်ငန်းများကို အရှိန်မြှင့်လုပ်ကိုင်​နေ​ကြောင်း The Kokang ​ဖေစ်ဘွခ်စာမျက်နှာတွင် ဆက်တိုက် ဖော်ပြနေသည်။

ထိုအပြင် တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များလည်း သိန္နီမြို့တွင် ဟိုတယ်လုပ်ငန်း၊ ဖျော်ဖြေလုပ်ငန်းများ၌ လာရောက်ရင်းနှီးမြှပ်နှံနေသည်ကိုတွေ့ရသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။

စစ်ကောင်စီသည် သိန္နီမြို့ကို ပြန်ပေးရေးအပြင် လားရှိုး-သီပေါနယ်စပ်ရှိစစ်တပ်ရင်းများမှ ပြန်ဆုတ်ခွာပေးရေးလည်း တောင်းဆိုထားပြီး MNDAAက လက်မခံဘဲ နှစ်ဘက် ဆက်ဆံရေးတင်းမာလာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

လားရှိုးမြို့ကို တရုတ်အစိုးရ၏ ဖိအား​ပေးမှုဖြင့်စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလ‌ ၂၀ရက်က ပြန်ဝင်လာပြီး‌နောက် မြို့ပေါ်ရပ်ကွက်၁၂ခုကိုထိန်းချုပ်ထားသည်။သို့​သော် လားရှိုးမြို့ပြင်ပရှိ​ကျေးရွာများတွင် MNDAA ကတပ်စွဲထားသည်။

လက်ရှိတွင်MNDAA မှတ်ပုံတင်ထားသည့်ယာဉ်များကို လားရှိုးမြို့ထဲသို့ စစ်ကောင်စီကဝင်ခွင့်မပြုတော့သလို မြောက်ပိုင်းမှာမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည့် ဒေသများမှလာရောက်သည့် ကုန်စည်များကို စစ်ကောင်စီဖမ်းဆီးနေသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ရက် နံနက်က ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ ရာစုသစ်ဟိုတယ်(၂) အနီးကို စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး ယင်းလုပ်ရပ်သည်တရုတ်အစိုးရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့်ခက်ခဲစွာရရှိထားသည့် အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေကာရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများပြန်ဖြစ်နိုင်ခြေကို အရှိန်မြင့်လိုက်ခြင်းဖြစ်ကြောင်းMNDAAက ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။သို့​သော်MNDAA ဘက်မှ ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဟုအသိပေးထားသည်။ထို့အပြင် လူထုဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော အစီအစဥ်များချမှတ်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ကွတ်ခိုင်မြို့အား ဗုံးကြဲမှုတွင်အရပ်သား (၇) ဦးသေဆုံး၊ (၁၃) ဦးဒဏ်ရာရခဲ့သည်။ဒဏ်ရာရရှိသူများတွင် အသက် ၂၀ အရွယ် တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ခဲ့သည်။ ထို့နောက်ပိုင်းတွင်လည်း စစ်ကောင်စီကကွတ်ခိုင်မြို့နယ်အတွင်းလေကြောင်းမှကင်းထောက်မှုများဆက်လက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။