ဩဂုတ်-၃၀၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ် ၊လန်ဆယ်ကျေးရွာတွင် အမျိုးသမီးတဦးကိုရိုက်နှက်ခဲ့သည့် KIA အရာရှိကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ဩဂုတ်၂၉ရက်ကလန်ဆယ်ရွာရှိစားသောက်ဆိုင်တခုတွင် KIA တပ်ရင်း (၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင်နှင့် အမျိုးသမီး တဦးတို့အကြားအချင်းများရာမှတဆင့်ထိုးကြိတ်ရိုက်နှက်မှုဖြစ်ခဲ့ကြောင်း ဒေသ ခံအချို့ကရိုက်နှက်ခံရသည့် အမျိုးသမီးကို ထိပ်တုံးခတ်ခံရသည့် ရုပ်သံမှတ်တမ်းကို သြဂုတ် ၃၀ ရက်မနက်ပိုင်းတွင် ဖော်ပြခဲ့သည်။
“ဒီမှာ ခြောက်ပေါက်(ထိပ်တုံး)ထည့်ထားပေးတယ် မိန်းကလေးတယောက်ကို။ မိန်းကလေးတောင် ဒီလောက်ရိုက်ထားတယ် ယောက်ကျားလေးဆို ဘယ်လောက်ရိုက်မလဲ။ဒူကဘာ ဂျာလီအောင်လုပ်တာတဲ့ ဒါ”ဟု ဒေသခံများက ပြောဆိုနေသည်ကို ရုပ်သံ၌ တွေ့ရသည်။

Public Service Announcement
ထိုအပြင်KIA အရာရှိရိုက်နှက်မှုကိုခံရသည့်အမျိုးသမီးတဦး၏ပြောဆိုချက်ရုပ်သံမှာလည်းထပ်မံပြန့်နှံ့ခဲ့သည်။ကာယကံရှင်အမျိုးသမီးကလည်း ဖြစ်စဉ်ကို ရှင်းပြရာ “ငါတို့နှစ်ယောက်ကို မမြင်ချင်ဘူးလို့ ပြောတာ သူက။ မမြင်ချင်ရင် ရတယ် ငါတို့ ပြန်မယ်လို့ ပြောလိုက်တာနဲ့ အခု ဒီမှာ မမြင်ချင်ဘူး ပြောတာမဟုတ်ဘူးတဲ့ ဒီလန်ဆယ် ပေါ်မှာ မမြင်ချင်တာ နင်တို့နှစ်ယောက်ကို ဒီလန်ဆယ်မှာ မမြင်ချင်းဘူး အဲဒီအတိုင်းပြောတာ သူက” ဟု ပြောသည်။
မမြင်ချင်ပါက စျေးဆိုင်၌ ရင်းထားသည့် ငွေကို ပေးပါက ပြန်မည်ဟု ပြောဆိုရာ KIA အရာရှိက အမျိုးသမီးအား ဆွဲခေါ်သွားပြီး နောက် ဆက်
လက်အချင်းများခဲ့ကြောင်း၊ ရွှေခိုးသည်ဟု KIAအရာရှိက စွပ်စွဲခဲ့ခြင်းဖြစ်ကြောင်းရုပ်သံ၌ပြောထားသည်။
စွပ်စွဲခံရ၍ စိတ်တိုသောကြောင့် စားပွဲခုံကို အမျိုးသမီးက ထုလိုက်ရာ KIAအရာရှိက ပြန်ဝင်လာပြီး လာထိုးခြင်းဖြစ်သည်ဟု ပြောပြသည်။
KIAအရာရှိ တပည့် ၂ဦးက အမျိုးသမီးကို ချုပ်ထားကြောင်း၊ ဝါးလုံးဖြင့်လည်းအရိုက် ရိုက်ခံရကြောင်း ရိုက်နှက်ခံရသည့် အမျိုးသမီးက ပြောပြသည်။
ထိုနောက်အမျိုးသမီးကိုရိုက်နှက်ခဲ့သည်ဆိုသော KIA အရာရှိအား ဒေသခံများက ဆန္ဒပြသည့် ရုပ်သံမှာ သြဂုတ် ၃၀ ရက်နေ့ခင်းပိုင်းတွင်ပျံ့နှံ့လာသည်။
ဆယ်နှင့်ချီသော ဒေသခံများက “ဂျာလီအောင်” “အလိုမရှိ” ဟုအော်ဟစ် ၍စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်ကိုတွေ့ရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ မေးမြန်းရန် People’s Spring က ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။
လန်ဆယ်ဒေသအပါအဝင် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေများကို KIA ပူးပေါင်းတပ်က ၂၀၂၄ နှစ်ကုန်ပိုင်း၌ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ သိမ်းပိုက်ခဲ့သည့် နယ်မြေများအနက် လန်ဆယ်တွင် ရွှေလုပ်ကွက်များလည်းရှိရာ အဆိုပါဒေသ၌ KIA နှင့် ဒေသခံအချို့အကြား ယခင်ကလည်း ပြဿနာအချို့ရှိခဲ့သည်။




















































