နိုဝင်ဘာ-၂၆၊၂၀၂၅။မိထက်/People’s Spring
စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကို ကားတစ်စီးပေါ်က သေနတ်နဲ့ပစ်ခတ်တာကြောင့် ဒဏ်ရာရခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။
နိုဝင်ဘာ ၂၅ရက်မှာ လားရှိုးမြို့ကားပွဲစားတန်းအနီး လမ်းမပေါ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးကို ကားပေါ်ကနေ သေနတ်နဲ့သုံးချက်ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးသွားတာပါ။ အမျိုးသမီးရဲ့လက်မောင်းနဲ့ရင်ဘတ်အနီးမှာ သေနတ်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement
အမျိုးသမီးက သေနတ်နဲ့အပစ်ခံရပြီး ဆိုင်ကယ်ကိုလှဲချပြီး လမ်းသွားလမ်းလာကားတချို့ကိုအကူအညီတောင်းပေမယ့် ကူညီခြင်းမရှိဘဲဆက်လက်မောင်းနှင်သွားကြတာကို CCTVရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။
“စစ်ကောင်စီရဲ့လက်အောက်မှာ တရားဥပဒေစိုးမိုးတယ်လို့ဘယ်သူမှ မယုံကြည်ကြဘူး။ ဒါကြောင့် လူတွေလည်း မဆိုင်သလိုနေကုန်ကြပြီ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရသွားတဲ့အမျိုးသမီးဟာ လားရှိုးဆေးရုံမှာ တက်ရောက်ကုသနေကြောင်းသိရပြီး ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်စစ်ဆေးသွားတယ်လို့ မြို့ခံ အချို့က ပြောပါတယ်။
လာရှိုးမြို့ကိုစစ်ကောင်စီက ကိုးကန့်တပ်မတော် (MNDAA)ထံကနေ တရုတ်အစိုးရအကူအညီနဲ့ ပြီးခဲ့တဲ့ဧပြီကစပြီး ပြန်လည်လွှဲပြောင်းရယူထိန်းချုပ်ထားတာပါ။ မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။
လားရှိုးမြို့ပေါ်မှာ လုယက်မှု၊ ဓားပြမှုနဲ့ခိုးမှုတွေမကြာခဏဖြစ်နေပြီး ဒေသတွင်းတရားဥပဒေစိုးမိုးမှုမရှိတဲ့အပေါ်ဝေဖန်သူတွေကို စစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။
လာရှိုးမြို့မှာနိုဝင်ဘာလ၂၄ရက် ည ၁၁နာရီခန့်ကလည်း စစ်ကောင်စီက သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန်ခဲ့ကြပါတယ်။လားရှိုးမြို့နားက MNDAAစခန်းတွေကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီကတောင်းဆိုထားပြီး နှစ်ဘက်ဆက်ဆံရေးလည်း တင်းမာနေပါတယ်။
လားရှိုးမြို့မှာ ဆိုင်ကယ်စီးအမျိုးသမီးကို ကားပေါ်ကသေနတ်နဲ့ပစ်ခတ်လို့ဒဏ်ရာရ နိုဝင်ဘာ-၂၆၊၂၀၂၅။မိထက်/People's Spring…
Posted by People's Spring on Wednesday 26 November 2025
ရုပ်သံ – Sai Wahton Tun/FB


















































