စက်တင်ဘာ ၁၄၊၂၀၂၆။အိမ်သွင်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့နဲ့ အနီးပတ်ဝန်းကျင်ကို ယခင်ကထက် အချိန်ပိုပြီး လေယာဉ်နဲ့ ကင်းထောက်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” ပျံသန်းချိန်က အရင်ကထက် အချိန်ကြာတယ်။ ထူးဆန်းသလို ဖြစ်တာပေါ့။ ရှမ်းမြောက် စစ်ရေးအခြေအနေက တစ်နေ့ရွှေ၊ တစ်နေ့ငွေ”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
လားရှိုးမြို့ဟာ လက်ရှိမှာ စစ်တပ် ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်
(MNDAA)နဲ့ PDF ပါဝင်တဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ဩဂုတ်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူလားရှိုးမြို့ကိုသိမ်းယူခဲ့ပြီး MNDAAက ထိန်းချုပ်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၅ ဧပြီမှာ တရုတ်အစိုးရအကူအညီနဲ့ စစ်တပ်က ပြန်တောင်းယူထားတာပါ။စစ်တပ်က မြို့ပေါ်ကိုသာ ထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ် ထားပါတယ်။
စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း မြို့ပေါ်ကို ရှော့တိုက်ဒုန်းနဲ့ လေးကြိမ်တိုက်ခိုက်ခံထားရပါတယ်။
ဖေဖော်ဝါရီ ၇ရက်၊ဖေဖော်ဝါရီ ၁၁ရက်၊ဧပြီ ၂၃ရက်နဲ့ ဇူလိုင် ၉ရက်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ဇူလိုင် ၉ရက်က ဖြစ်စဉ်မှာရပ်ကွက်(၆)က အရပ်သားအမျိုးသမီး ၁ဦးသေဆုံးပြီး ရပ်ကွက်(၁၀)က တစ်ဦးဒဏ်ရာရသွားပါတယ်။
စက်တင်ဘာ ၉ရက် ညနေကလည်း လားရှိုးမြို့၊ရပ်ကွက်(၄)ထဲမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
လားရှိုးမြို့မှာ သြဂုတ်တတိယပတ်ကစပြီး စစ်တပ် ကင်းထောက်လေယာဉ်ပျံသန်းမှုတွေပိုများလာတာလို့ ဒေသခံတွေကပြောပါတယ်။သြဂုတ်၂၈ရက်နဲ့ ၂၉ရက်က ကင်းထောက်လေယာဉ်နှစ်စီး နှစ်ရက်ဆက် အနိမ့်ပျံသန်းမှုရှိခဲ့တယ်လို့ လားရှိုးမြို့ဒေသခံတွေက ပြောပါတယ်။


















































