ပြည်တွင်းဖြစ် နည်းပညာတွေနဲ့ ပြည်တွင်းမှာပဲ တည်ဆောက်ထားတဲ့ ပထမဆုံး ဂျက်တိုက်လေယာဉ်တွေကို တောင်ကိုရီးယားက အခုနှစ်မှာ စတင် အသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။

KF-21 တိုက်လေယာဉ်တွေကို ကိုရီးယား လေတပ်မှာ စတင် ဖြည့်တင်းနိုင်ခြင်းဟာ နိုင်ငံရဲ့ လေကြောင်းနည်းပညာ နယ်ပယ် တစ်ခုလုံးမှာ အရေးပါတဲ့ အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားရဲ့ KAI လေကြောင်း နည်းပညာ လုပ်ငန်းစုကြီးဟာ T-50 Golden Eagleဆိုတဲ့ အပေါ့စား အမောင်းသင် တိုက်လေယာဉ်တွေကို ထုတ်လုပ်ခဲ့ဖူးပေမယ့် တင်းပြည့်ကျပ်ပြည့် တိုက်လေယာဉ် အဆင့်တော့ မဟုတ်ခဲ့ပါဘူး။ FA-50တွေဟာ လိုအပ်လာရင် အပေါ့စား တိုက်လေယာဉ်အဖြစ် ပြောင်းလဲ အသုံးပြုနိုင်ပေမယ့် တောင်ကိုရီးယားကတော့ အမောင်းသင် လေယာဉ် အဆင့်မှာပဲ ထည့်သွင်း သတ်မှတ်ထားပါတယ်။
KF-21ကိုတော့ အမေရိကန် လေကြောင်းနည်းပညာ လုပ်ငန်းစုကြီး Lockheed Martinရဲ့ ပံ့ပိုးမှုနဲ့အတူ KAIကပဲ တာဝန်ယူ တည်ဆောက်နေတာ ဖြစ်ပါတယ်။ KAI အနေနဲ့ T-50 အပေါ့စား လေယာဉ်တွေကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့တဲ့ နောက်ပိုင်း တိုက်လေယာဉ် နည်းပညာပိုင်းမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။

Public Service Announcement
KF-21တွေကိုတော့ အဆင့်မြှင့် သုတေသနပြုမှုတွေ ၁၀ နှစ်ကြာ ပြုလုပ်ပြီးတဲ့နောက် ၂၀၂၄ ဇူလိုင်လမှာ ပထမဆုံး အစီး ၂၀ အတွက် တည်ဆောက်မှုတွေ စတင်နိုင်ခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေဟာ ၂၀၂၆ ခုနှစ်ထဲမှာ တောင်ကိုရီးယား လေတပ်ထဲ တပ်တော်ဝင်လာနိုင်ဖို့ သေချာသလောက် ရှိနေပါတယ်။
မဟာမိတ် အမေရိကန် နိုင်ငံက အီလက်ထရောနစ် ပစ်မှတ်ရှာ ထောက်လှမ်းမှု စနစ် (AESA)ကို လုံခြုံရေး အကြောင်းပြချက်ကြောင့် လက်လွှဲပေးဖို့ ငြင်းဆန်ခဲ့တဲ့နောက် KAIဟာ KF-21အတွက် ပြည်တွင်းဖြစ် Hanwhaဆိုတဲ့ AESA စနစ်ကိုပဲ တပ်ဆင် အသုံးပြုထားပါတယ်။
တောင်ကိုရီးယား လေတပ်ဟာ KF-21တွေကို သက်တမ်း အိုဟောင်းလို့ အနားပေးလိုက်ပြီဖြစ်တဲ့ F-4 Phantom II တိုက်လေယာဉ်တွေနဲ့ KF-5တွေရဲ့ နေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယား လေတပ်ဟာ သမိုင်းကြောင်း တလျှောက်မှာ အမေရိကန် တိုက်လေယာဉ်တွေကိုပဲ အဓိက မှီခိုပြီး ဝယ်ယူ အသုံးပြုခဲ့ရပေမယ့် KF-21တွေကိုသာ စတင် အသုံးပြုလာနိုင်မယ်ဆိုရင် သိသာတဲ့ အချိုးအကွေ့ တစ်ခုလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
T-50 အမောင်းသင် တိုက်လေယာဉ်တွေတုန်းကတော့ တောင်ကိုရီးယား လေတပ်မှာ အသုံးပြုခဲ့ရုံ မကဘဲ အီရတ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ပိုလန်နဲ့ မလေးရှားတို့ကိုပါ တင်ပို့နိုင်ခဲ့ပါတယ်။ KAIကတော့ KF-21ဟာလည်း နိုင်ငံတကာ စျေးကွက်ထဲထိ ဝင်ရောက် ယှဉ်ပြိုင်နိုင်အောင် မျက်နှာပန်းလှတဲ့ တိုက်လေယာဉ်တွေ ဖြစ်လာဖို့ မျှော်လင့်နေပြီး ပိုလန်၊ ယူအေအီး၊ ဖိလစ်ပိုင်နဲ့ မလေးရှား နိုင်ငံတွေက စိတ်ဝင်စားနေပါတယ်။
KAIဟာ KF-21တွေကို လေကြောင်းစိုးမိုးရေး တိုက်လေယာဉ်တွေအဖြစ် ကနဦး ထုတ်လုပ်ပြီး ၂၀၂၇ မှာတော့ မြေပြင်ဆီ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေနဲ့ တခြားလက်နက်တွေပါ တပ်ဆင်ပြီး ဘက်စုံသုံး တိုက်လေယာဉ်တွေအဖြစ် အဆင့်မြှင့်မှာပါ။ အနာဂတ်မှာတော့ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာကိုပါ အဲဒီလေယာဉ်တွေမှာ ထည့်သွင်းပေါင်းစပ်နိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ကိုးကား: Korea JoongAng


















































