ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ နိုင်ငံရေး ကဝိတစ်ဆူ (Grandmaster တစ်ဦး)လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ သမက်က ချီးကျူး ပြောကြားလိုက်ပါတယ်။
ထရမ့်ရဲ့ သမက်ဖြစ်တဲ့ ဂျရတ် ကူရှ်နာဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို အဆုံးသတ်နိုင်စေရေးအတွက် ကြားဝင် ညှိနှိုင်းပေးနေတဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင် တစ်ဦး ဖြစ်ပါတယ်။
အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှား၊ ယူကရိန်းတို့နဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး တိုးတက်မှု ရလဒ် အနည်းအကျဉ်းသာ ထွက်ပေါ်ခဲ့ပြီး မကြာခင်မှာ ကူရှ်နာဆီက ပူတင်အပေါ် အခုလို ချီးကျူးစကား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကူရှ်နာက ပူတင်ဟာ အရာရာကို စနစ်တကျ စီစဉ်တတ်ကြောင်း၊ သူ့လုပ်ရပ်ကို ကြိုက်တဲ့သူရော၊ မကြိုက်တဲ့သူပါ ရှိနိုင်ကြောင်း၊ ဒါပေမဲ့ သေချာတာကတော့ ပူတင်ဆိုတာ နိုင်ငံရေးပညာမှာ တကယ့် ကဝိတစ်ဆူလို့ သတ်မှတ်လို့ရကြောင်း ကူရှ်နာက Podcast အစီအစဉ် MD Meetsနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement
သူက ပူတင်ကို သမိုင်းဝင် ပုဂ္ဂိုလ် တစ်ဦးလို့လည်း ရည်ညွှန်းခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတိုင်းအတွက် အကောင်းဆုံး ကြိုတင် ပြင်ဆင်ထားလေ့ ရှိသူလို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။
ဆွေးနွေးကြတဲ့ အခါတွေမှာ ပူတင်ဟာ မှတ်စုတွေ အများကြီး ရေးမှတ်ထားလေ့ ရှိကြောင်း၊ ပြီးရင် အကြောင်းအရာ အားလုံးကို အသေးစိတ် တိတိကျကျ ပြန်လည် ထောက်ပြတတ်ကြောင်း၊ သူဆွေးနွေးနေတဲ့ အကြောင်းအရာ အားလုံးကို ပူတင်က နက်နက်ရှိုင်းရှိုင်း နားလည်ထားတယ်ဆိုတာ အရမ်းသိသာကြောင်း ကူရှ်နာက ဆိုပါတယ်။ ပြီးတော့ ကိစ္စတိုင်းမှာလည်း ခိုင်မာ အားကောင်းတဲ့ အမြင်မျိုး ပူတင့်ဆီမှာ ရှိနေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ပူတင်ရဲ့ ရည်ရွယ်ချက်ဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ တစ်ခုတည်း မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှုတွေကို အသုံးပြုပြီး အမေရိကန်နဲ့ လက်ရှိ ဆက်ဆံရေးကို ပြောင်းလဲဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အစပြုမှု အသစ်တစ်ခုကို ဖန်တီးဖို့ပါ ဖြစ်လိမ့်မယ်လို့ သူယူဆကြောင်းလည်း ကူရှ်နာက ဆိုပါတယ်။
လဆန်းပိုင်းတုန်းက အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံရဲ့ အဘူဒါဘီမြို့မှာ ယူကရိန်းစစ်ပွဲ ပြေငြိမ်းရေးကိစ္စ အမေရိကန်က ကြားဝင်စေ့စပ်ပေးပြီး ရုရှားနဲ့ ယူကရိန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါဟာ ကိုးလအတွင်း အဲဒီလို ဆွေးနွေးမှုမျိုးကို ပထမဆုံး ပြန်လည် တွေ့မြင်လာရတာပါ။ အဲဒီဆွေးနွေးပွဲမှာ နှစ်ဖက် ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေ အများအပြားကို အပြန်အလှန် လဲလှယ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ကူရှ်နာဟာ ထရမ့်ရဲ့ အတွင်းစည်းမှာ ရှိနေတဲ့ အနီးကပ်ဆုံး အကြံပေး တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်တုန်းက ထရမ့်ရဲ့ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်နဲ့ လက်ထပ်ထားပါတယ်။
ကိုးကား: The Hill


























































