အွန်လိုင်း ငွေလိမ် (ကျားဖြန့်)ဂိုဏ်းတွေရဲ့ လူကုန်ကူးမှု ခံရတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံသား ရာဂဏန်းကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။
မြို့တော် ဒေလီရဲ့ ဆင်ခြေဖုံး ဧရိယာ တစ်ခုမှာ လျှို့ဝှက် တည်ရှိနေတဲ့ ကျားဖြန့် လုပ်ငန်းတစ်ခုမှာ အဲဒီ လူကုန်ကူးမှု သားကောင်တွေကို တရားမဝင် ပိတ်လှောင်ထားတာကို ဖော်ထုတ် တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ရဲတွေက အင်ဒိုနီးရှား နိုင်ငံသား ၉၂ ဦးနဲ့ မလေးရှား နိုင်ငံသား ၇၂ ဦးတို့ကို ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေဟာ ကျားဖြန့် ငွေလိမ် လုပ်ငန်းတွေမှာ အတင်းအကျပ် ခိုင်းစေခြင်း ခံခဲ့ရကြောင်းလည်း နိုဝင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စုံစမ်းမေးမြန်းကြည့်တဲ့အခါ လူကုန်ကူးမှု သားကောင် အားလုံးလိုလိုက သူတို့ဟာ အိန္ဒိယမှာ မက်မောလောက်စရာ လုပ်ခလစာမျိုး ရရှိမယ်ဆိုတဲ့ မက်လုံးကြောင့် ရောက်လာကြသူတွေလို့ ထွက်ဆိုကြပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ သူတို့ဟာ လိမ်လည်လှည့်စား သိမ်းသွင်းခံရမှန်း သိသွားပြီး ငွေလိမ်တဲ့ လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement
သူတို့ရဲ့ တာဝန်ကတော့ အတုအယောင် ရင်းနှီးမြှုပ်နှံမှု လုပ်ဇာတ်တွေ ဖန်တီးပြီး အယုံလွယ်တဲ့ ပစ်မှတ်တွေကို ရှာဖွေ လှည့်စား၊ ငွေကြေးလိမ်လည်ဖို့ ဖြစ်တယ်လို့လည်း အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံသားတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ အဲဒီ ကျားဖြန့်လုပ်ငန်း နေရာကနေ မိုဘိုင်းဖုန်း ၃၅၀ ကျော်၊ ကွန်ပျူတာ ၁၇၀ နီးပါး၊ Laptop ကွန်ပျူတာ ၂၆ လုံး၊ ပတ်စ်ပို့တ် ၁၇၄ ခုကို သိမ်းဆည်းရမိခဲ့ပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ မလေးရှား နိုင်ငံသား တစ်ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ကနဦး ထုတ်ပြန်ထားပါတယ်။ ပြီးတော့ ကျားဖြန့်ကွန်ရက်မှာ ပါဝင်လှုပ်ရှားနေသူတွေနဲ့ သူ့ရဲ့ ဆက်နွှယ်မှုကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
ကိုးကား: Reuters


























































