အီရန် ဆိပ်ကမ်းကနေ ထွက်ခွာဖို့ ကြိုးစားတဲ့ အရပ်ဖက် သင်္ဘောတစ်စီးကို ခုတ်မောင်းလို့ မရအောင် ဟန့်တား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့ ကြေညာချက်မှာတော့ ပါလာအူအလံ လွှင့်ထူထားတဲ့ M/V Pacific Archer ကုန်တင်သင်္ဘောကို အိုမန် ပင်လယ်ကွေ့ထဲမှာ အမေရိကန် စစ်လေယာဉ်က တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က ဖော်ပြထားပါတယ်။
အဲဒီမစ်ရှင်အတွက် ပစ်မှတ်ကို တိတိကျကျ ဖျက်ဆီးနိုင်တဲ့ လမ်းညွှန်စနစ်ပါတဲ့ ခဲယမ်းမီးကျောက်ကို အသုံးပြုပြီး သင်္ဘောရပ်တန့်သွားရုံသာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
M/V Pacific Archerဟာ အီရန်ဆိပ်ကမ်းမြို့ ဘန်ဒါ အဘက်စ်ကနေ ထွက်ခွာလာတဲ့နောက် နိုဝင်ဘာ ၂၆ ရက်နေ့က ပင်လယ်ပြင်မှာ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement
သင်္ဘောရဲ့ အင်ဂျင်ခန်းကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့လည်း CENTCOMက ဆိုပါတယ်။
အမေရိကန်နဲ့ အီရန်ကြားက ယာယီ စစ်ပြေငြိမ်းရေး သဘောတူညီမှု ပျက်ပြယ်ခဲ့တဲ့နောက် အမေရိကန်ဟာ ဇူလိုင်လကစလို့ အီရန်ဆိပ်ကမ်းတွေကို ရေတပ် အင်အားသုံး ပိတ်ဆို့မှု ပြန်လည် စတင်လာခဲ့ပါတယ်။
အခုလဆန်းမှာတော့ အမေရိကန်ရဲ့ အထူးစစ်ဆင်ရေး ယူနစ်တစ်ခုဟာ အီရန်ရဲ့ ကုန်းမြေနယ်စပ်နဲ့ ကက်စ်ပီယန် ပင်လယ်ပြင်ဖက်ကနေ လက်နက်ခဲယမ်းတွေ သယ်ယူ ရွှေ့ပြောင်းမှုကိုပါ စတင် ပိတ်ဆို့လာခဲ့ပါတယ်။
အီရန် အဓိပတိ အယာတိုလာ မော့ဂျ်တာဘာ ခါမေနီရဲ့ အကြံပေး တစ်ဦးဖြစ်သူ မိုဟာမက် မော့ခ်ဘားကတော့ အီရန်ဟာ အမေရိကန်ရဲ့ ရေလမ်းကြောင်း ပိတ်ဆို့မှုတွေကို ရအောင် ထိုးဖောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အီရန်က ဘယ်လိုနည်းနဲ့ ဖောက်ထွက်ဖို့ စီစဉ်ထားသလဲ ဆိုတာကိုတော့ သူက အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။
အလားတူ အီရန် ရေတပ်ရဲ့ အကြီးအကဲ ရှာဟ်ရမ် အီရာနီကလည်း ရန်သူ့ ရေတပ် ပိတ်ဆို့မှုကို ဖောက်ထွက်မယ့် အစီအစဉ်ကို စတင်လုပ်ဆောင်နေကြောင်း၊ အီရန် ဆိပ်ကမ်းတွေမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေကြောင်း၊ တစ်ဖက်က ဝါဒဖြန့်မှုတွေနဲ့ ဆန့်ကျင်စွာပဲ အီရန် ရေတပ်ဟာ အရပ်ဖက် ရေယာဉ်တွေကို ခြံရံ စောင့်ရှောက်ပေးဖို့ ပြင်ဆင်နေပြီး သင်္ဘောပိုင်ရှင်တွေ၊ သင်္ဘောသားတွေနဲ့အတူ ရပ်တည်ပေးသွားမှာဖြစ်ကြောင်း သီးခြား ထုတ်ပြန်ခဲ့ပါတယ်။
ရန်သူက အီရန်ရဲ့ စီးပွားရေး အသက်သွေးကြောတွေကို ဘယ်လိုနည်းလမ်းတွေ အသုံးပြုပြီး ဖြတ်တောက်ဖို့ ကြိုးစားပါစေ၊ ကျိန်းသေပေါက် ကျဆုံးရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ မော့ခ်ဘားနည်းတူ အီရာနီကလည်း ဘယ်လို အစီအမံတွေ ပြင်ဆင်နေသလဲ ဆိုတာကို မှတ်ချက် ပေးမသွားခဲ့ပါဘူး။
ကိုးကား: Reuters


























































