Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုက်ပါဆောနစ် ဒုံးကျည်တပ် ပထမဆုံး ရေငုပ်သင်္ဘော တပ်တော်ဝင်ပွဲကို ပူတင်တက်ရောက်

ဟိုက်ပါဆောနစ် ဒုံးကျည်တွေ တပ်ဆင်မယ့် ပထမဆုံး ရေငုပ်သင်္ဘောကို ရုရှားရေတပ်ဆီ လွှဲအပ်တဲ့ အခမ်းအနားကို သမ္မတ ဗလာဒီမာပူတင် တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ - EPA

ဟိုက်ပါဆောနစ် ဒုံးကျည်တွေ တပ်ဆင်မယ့် ပထမဆုံး ရေငုပ်သင်္ဘောကို ရုရှားရေတပ်ဆီ လွှဲအပ်တဲ့ အခမ်းအနားကို သမ္မတ ဗလာဒီမာပူတင် တက်ရောက်ခဲ့ပါတယ်။

Permလို့ နာမည်ပေးထားတဲ့ ရေယာဉ်ဟာ စတုတ္ထမျိုးဆက် Yasen-M အမျိုးအစားတွေထဲမှာ ပဉ္စမမြောက် တပ်တော်ဝင်တဲ့ ဘက်စုံသုံး နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ဖြစ်လာပါတယ်။ ဒါပေမဲ့ အရင် အမျိုးအစားတူတွေနဲ့ ကွဲပြားတဲ့ အခြေအနေအဖြစ် ရုရှားလုပ် Zircon ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ပစ်ခတ်နိုင်အောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ထားတယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆ ပိုမြန်တဲ့ နှုန်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ လက်ရှိ အသုံးပြုနေတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက ကြားဖြတ် ဟန့်တားဖို့ မဖြစ်နိုင်သလောက် ခဲယဉ်းပါတယ်။

ရုရှားက ၂၀၃၀ ပြည့်နှစ်ထိ ကာလအတွင်း ရေတပ်မှာ နောက်ထပ် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောသစ် ၅ စီးထိ ထပ်မံ ဖြည့်တင်းဖို့ လျာထားကြောင်းလည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ ပူတင်ဟာ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း၊ ဆီဗာရော့ဒ်ဗင့်စ်ခ်မြို့က ဆိပ်ကမ်းမှာ ကျင်းပတဲ့ ရေငုပ်သင်္ဘောသစ် တပ်တော်ဝင်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ရုရှားဟာ အခုလိုမျိုး အစွမ်းထက် နျူကလီးယား ရေငုပ်သင်္ဘောတွေ၊ စစ်လက်နက်တွေ တည်ဆောက်နိုင်တဲ့ နိုင်ငံ အနည်းအကျဉ်းထဲက တစ်ခုဖြစ်ကြောင်း ပူတင်က ဆိုပါတယ်။

သူက ရေတပ်ဟာ ၂၀၃၀ ပြည့်နှစ်ထိ ကာလအတွင်း Yasen-M အမျိုးအစား ၃ စီးအပါအဝင် နောက်ထပ် ရေငုပ်သင်္ဘော ၅ စီး ထပ်မံရရှိစေမယ်လို့လည်း ထပ်လောင်း အာမခံခဲ့ပါတယ်။ အသစ်တည်ဆောက်မယ့် Yasen-Mတွေဟာလည်း Permနဲ့ အမျိုးအစားတူပြီး ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို တပ်ဆင်နိုင်မယ်လို့ ပူတင်က ပြောပါတယ်။

အဲဒီ ရေငုပ်သင်္ဘောတွေဟာ ကွဲပြားတဲ့ ခရုစ်ဒုံးကျည် အမျိုးအစားတွေကို သယ်ဆောင်ပြီး ကမ္ဘာအနှံ့က ဘယ်ပင်လယ် သမုဒ္ဒရာတွေမှာမဆို စစ်ဆင်ရေး တာဝန်တွေ ထမ်းဆောင်နိုင်မယ်လို့လည်း ပူတင်က မှတ်ချက်ပေးသွားပါတယ်။

ပူတင်က ရုရှားဟာ နိုင်ငံရဲ့ ရေတပ်ကိုလည်း ခေတ်နဲ့အညီ မွမ်းမံ အဆင့်မြှင့်ဖို့ ကြိုးစားနေကြောင်း၊ အဲဒီ ရည်မှန်းချက်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုတွေဟာလည်း လျာထားတဲ့ ကာလအမီ အပြည့်အဝ အောင်မြင်လာမယ်လို့ ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။

တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ အရဆိုရင် Permဟာ ကမ္ဘာပေါ်မှာ ထောင်လိုက် ပစ်လွှတ်စင်ကနေ ဟိုက်ပါဆောနစ် ဒုံးကျည် ပစ်ခတ်နိုင်တဲ့ ပထမဆုံး ရေငုပ်သင်္ဘော ဖြစ်လာပါတယ်။ တရုတ်ရဲ့ Type-039B ရေငုပ်သင်္ဘောတွေကလည်း ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ပစ်ခတ်နိုင်ပေမယ့် ရေငုပ်သင်္ဘော အရှေ့ဖက် တော်ပီဒို ပြွန်ကနေ ပစ်ခတ်တာမျိုး ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဂျပန်တို့ကလည်း ရေငုပ်သင်္ဘောမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ တပ်ဆင်နိုင်ရေး အပူတပြင်း ကြိုးစားနေပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ