အမေရိကန်ရဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရတဲ့ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုနဲ့ ဇနီးဖြစ်သူတို့ဟာ အခုအခါ နယူးယောက်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့မှာ အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ မြို့တော် ကရာကက်စ်မှာ အကြီးစား စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြီး မာဒူရိုနဲ့ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်တို့ကို ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးကို ဗင်နီဇွဲလား ပိုင်နက်ထဲက ခေါ်ထုတ်လာခဲ့ပြီး နယူးယောက်ဆီ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အခုတော့ မာဒူရိုနဲ့ ဖလောရက်စ်တို့ဟာ နေအိမ်မှာ ညပိုင်းအချိန် ဝင်ဖမ်းတာ ခံခဲ့ရပြီးတဲ့နောက် USS Iwo Jima စစ်သင်္ဘောကြီးဆီ ရောက်ရှိခဲ့ပါတယ်။ အဲဒီကမှတဆင့် မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှု အပါအဝင် ရာဇဝတ်ကြောင်း စွပ်စွဲချက်တွေအတွက် တရားရင်ဆိုင်ဖို့ နယူးယောက်ဆီ ဆက်လက် လွှဲပြောင်း ပို့ဆောင် ခ့ခဲ့ရတာပါ။
သူတို့နှစ်ဦးဟာ လောလောဆယ်မှာတော့ နယူးယောက် မြို့ပြင်မှာရှိတဲ့ စတီးဝပ် အမျိုးသား အစောင့်တပ်ရဲ့ လေတပ်စခန်းမှာ ချုပ်နှောင် ခံထားရပါတယ်။ သူတို့နှစ်ဦးဟာ အစောဆုံးအဖြစ် လာမယ့်သီတင်းပတ် အစောပိုင်းလောက်မှာ ရုံးထုတ်ခံရနိုင်ခြေ ရှိနေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

Public Service Announcement
မာဒူရိုနဲ့ ဖလောရက်စ်တို့ဟာ အမေရိကန် ဖက်ဒရယ် အစိုးရ လက်အောက်ခံ မက်ထရိုပိုလီတန် ထိန်းသိမ်းရေးစင်တာ (MDC)ဆီ လွှဲပြောင်း ခံရဖွယ် ရှိနေပါတယ်။ MDCဟာ စွဲချက်တင် ခံရတဲ့ လူသိထင်ရှား အကျဉ်းသားတွေကို ချုပ်နှောင်ဖို့ အသုံးပြုလေ့ရှိတဲ့ လုံခြုံရေး အရမ်းတင်းကျပ်တဲ့ ထောင်လည်းဖြစ်ပါတယ်။
အမေရိကန်ဟာ မာဒူရိုနဲ့ ဗင်နီဇွဲလား အစိုးရ ထိပ်တန်း အရာရှိ တချို့ကို မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက် ဂိုဏ်းခေါင်းဆောင်တွေလို့ စွပ်စွဲထားပါတယ်။ မာဒူရိုဟာ တရားခွင်မှာတော့ မူးယစ်ဆေးဝါး ရာဇဝတ်မှု၊ အမေရိကန်ဆီ ကိုကင်း မှောင်ခိုတင်သွင်းမှုလို စွဲချက်တွေအတွက် ရင်ဆိုင် ဖြေရှင်းရဖွယ် ရှိနေပါတယ်။
မာဒူရိုကတော့ သူ့အပေါ် အမေရိကန်ဖက်က စွပ်စွဲချက် မှန်သမျှကို ငြင်းဆိုထားခဲ့ဖူးပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဗင်နီဇွဲလားရဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေကို မောင်ပိုင်စီးဖို့ ကြိုးစားတဲ့ အကြံအစည်သာ ဖြစ်တယ်လို့ စွပ်စွဲ ဝေဖန်ထားပါတယ်။
ကိုးကား: Daily Mail






















































