အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံခဲ့တဲ့နောက် လိုအပ်လာရင် လက်နက် ပြန်ကိုင်မယ်လို့ ကိုလံဘီယာ သမ္မတက ပြောကြားလိုက်ပါတယ်။
ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို နိုင်ငံပိုင်နက်ထဲထိ ဝင်ရောက် ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေး အပြီးမှာတော့ ထရမ့်က ကိုလံဘီယာ သမ္မတ ဂူစတာဗို ပက်ထရိုလည်း တူညီတဲ့ ကံကြမ္မာမျိုး ကြုံသွားနိုင်ကြောင်း ဇန်နဝါရီ ၄ ရက်နေ့မှာ သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။
ထရမ့်က ကိုလံဘီယာ နိုင်ငံဟာ ကိုကင်းတွေ ထုတ်လုပ်ပြီး အမေရိကန်ကို တင်ပို့ဖို့ ဆန္ဒပြင်းပြနေတဲ့ စိတ်ပျက်စရာ လူပုဂ္ဂိုလ် တစ်ဦးရဲ့ စီမံ အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ နောက်ပြီး ဗင်နီဇွဲလားမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပုံစံတူ သဘောမျိုး ကိုလံဘီယာမှာ အကောင်အထည် ဖော်ဖို့ ဆိုတာကလည်း သူသဘောကျတဲ့ စိတ်ကူးတစ်ခုလို့ ထရမ့်က ဆိုပါတယ်။
ထရမ့်ဆီက အခုလို ခြိမ်းခြောက်မှုဆန်ဆန် စကားမျိုးကို ကြားခဲ့ရတဲ့နောက် ဇန်နဝါရီ ၅ ရက်နေ့မှာ ပက်ထရိုက လူမှုကွန်ရက် မီဒီယာ Xကနေတဆင့် တုံ့ပြန်လာခဲ့ပါတယ်။ အရင်က လက်နက်ကိုင် တော်လှန်ရေးသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ပက်ထရိုက သူဟာ နောက်တစ်ခါ ဘယ်တော့မှ လက်နက်မကိုင်တော့ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ကြောင်း၊ ဒါပေမဲ့ အမိမြေအတွက် လိုအပ်လာရင် လက်နက် ပြန်ကိုင်မှာဖြစ်ကြောင်း ဆိုပါတယ်။

Public Service Announcement
ထရမ့်ကတော့ ကိုလံဘီယာရဲ့ ပထမဆုံး လက်ဝဲယိမ်း နိုင်ငံရေး အမြင်ရှိတဲ့ သမ္မတ အနေနဲ့ ကိုယ့်ကျောကိုယ်လုံအောင် သတိထားသင့်ကြောင်း ပြောကြားထားပါတယ်။
ပက်ထရိုဟာ M-19 မြို့ပြပြောက်ကျား အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး ၁၉၈၉ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်အရ လက်နက် စွန့်လွှတ်ခဲ့ပါတယ်။ ဇန်နဝါရီလမှာ အိမ်ဖြူတော်ဆီ ထရမ့်က ဒုတိယအကြိမ် ပြန်ရောက်လာချိန် ကတည်းက ပက်ထရိုဟာ အမေရိကန် သမ္မတနဲ့ မကြာခဏ စကားလုံး တိုက်ပွဲတွေ ဆင်နွှဲနေခဲ့ပါတယ်။
ထရမ့်က ပက်ထရိုဟာ မာဒူရိုလိုပဲ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတယ်လို့ စွပ်စွဲခဲ့ပေမယ့် ခိုင်လုံတဲ့ အထောက်အထားတော့ မပြသနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ပက်ထရိုနဲ့ သူ့မိသားစုကိုလည်း အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ကြေညာခဲ့ပါသေးတယ်။
ပြီးတော့ အမေရိကန်ဟာ မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွေမှာ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ မဟာမိတ် နိုင်ငံတွေ စာရင်းကနေလည်း ကိုလံဘီယာကို ဖယ်ထုတ်ပစ်ခဲ့ပြီး ဖြစ်ပါတယ်။
ကိုးကား: AFP


















































