◉ အမိန့်ထဲမှာ ဘယ်အကျဉ်းထောင်ပို့မယ်ဆိုတာ မပါဟုဆို
စစ်ကောင်စီဟာ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့မှာ ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၄ နှစ်စီ အသီးသီးချလိုက်ပါတယ်။
ပြစ်ဒဏ်ချမှတ်ပြီးနောက် ဘယ်အကျဉ်းထောင်တွေကို ပို့ဆောင်မယ်လို့တော့ အမိန့်ထဲမှာ မှတ်ချက်ပေးမသွားဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ၂ နှစ် ၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ် ချလိုက်တာပါ။

Public Service Announcement
အမိန့်ချတာကိုတော့ ဒီဇင်ဘာ ၆ ရက် ဒီနေ့မနက်ပိုင်းက နေပြည်တော် အထူးတရားရုံးမှာ အမိန့်ချ လိုက်တာဖြစ်ပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နဲ့ ကနဦးတရားစွဲဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီလအတွင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက် ၂ စောင်ကိုအကြောင်းပြုပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုတာပါ။
အဲဒီကြေညာချက်တွေမှာ အာဏာသိမ်းစစ်ကောင်စီနဲ့မဆက်ဆံဖို့၊ စစ်ကောင်စီထုတ်ပြန်တဲ့ ဥပဒေ၊ အမိန့် ညွှန်ကြားချက်တွေဟာ တရားမဝင်တဲ့အကြောင်း သံတမန်တွေ၊ သံရုံးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းတဲ့အချက်တွေပါဝင်တာတွေ့ရပါတယ်။
ဒီကြေညာချက်တွေဟာ ဖမ်းဆီး ထိန်းသိမ်းခံရချိန်မှာ ထွက်လာတာဖြစ်လို့သူတို့ မှာအပြစ်မရှိကြောင်း ၃ ဦးလုံးက တရားခွင်မှာချေပထားပါတယ်။
ဒါပေမယ့်လည်း တရားရုံးက ဒီနေ့မှာတော့ အဲဒီအမှုအတွက် ၃ ဦးလုံးကို အပြီးသတ်အမိန့်အဖြစ် ထောင်ဒဏ်နှစ်နှစ်ချလိုက်တာပါ။
နောက်အမှုကတော့ မဲဆွယ်ယာဉ်တန်းကိုထွက်နှုတ်ဆက်တာ ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂၅ နဲ့စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။
ဒီအမှုဟာလည်း သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲထားတာပါ။
အဲဒီအမှုအတွက်လည်း ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ်စီ အသီးသီးချလိုက်တယ်လို့သိရပါတယ်။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ် ချလို့ရအောင် ပုဒ်မ ၁၂ ခုနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။
အဲဒီပုဒ်မတွေအရ နှစ် ၁၀၀ လောက်ချဖို့ရည်ရွယ်ထားတာတွေ့ရပါတယ်။
သမ္မတ ဦးဝင်းမြင့်ကိုတော့ ဆူပူအောင်လှုံဆော်မှု ၊ ကိုဗစ်စည်းကမ်းချို့ဖောက်မှုတွေအပြင် အဂတိမှုနဲ့ပါစွဲဆိုထားပါတယ်။


















































