ဖေဖော်ဝါရီ-၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
တော်လှန်ရေးမှာဦးဆောင်ပါဝင်သူတွေက သဘောတူညီချက် ပဋိဉာဉ်တွေအပေါ်မှာရပ်တည်ပြီး မပျက်မကွက်လက်တွဲလုပ်ဆောင် ကြမှသာ တော်လှန်ရေးအောင်မြင်မယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဒီကနေ့ (ဖေဖော်ဝါရီ ၁ရက်) ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
NUCCရဲ့ ၂၀၂၅အတွင်း ဆောင်ရွက်ခဲ့မှု နှစ်ပတ်လည် သုံးသပ်ချက်နဲ့ ၂၀၂၆အတွက် မဟာဗျူဟာ လုပ်ငန်းစဉ်တွေကို ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁ရက် မနက်မှာ ကျင်းပခဲ့ရာ NUCC တာဝန်ရှိသူတွေက အခုလို ပြောပြခဲ့တာပါ။
NUCCအနေနဲ့ နွေဦးတော်လှန်ရေးစဉ်ကတည်းက ချမှတ်ခဲ့တဲ့ ရည်မှန်း ချက်တွေ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ပါ ကတိကဝတ်ပြုချက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ ကောင်စီဝင် တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအဖွဲ့ (မြန်မာနိုင်ငံ)က ဦးမောင်မောင်အေးက အသိပေးပါတယ်။

Public Service Announcement
အခြားကောင်စီဝင်တစ်ဦးဖြစ်တဲ့ အမျိုးသမီး မဟာမိတ်အဖွဲ့-မြန်မာက ဇက်နန်ရော်ကလည်း “ တော်လှန်ရေးမှာဦးဆောင်ပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေ အထူးသဖြင့် ခေါင်းဆောင်တွေ အနေနဲ့ ပြုထားခဲ့တဲ့ ပဋိဉာဉ်အပေါ်မှာ ဆက်လက်ပြီးတော့မှ ဆွဲကိုင်ပြီးတော့လက်တွဲညီညီ ရှေ့ကိုသွားကြဖို့ လိုပါတယ်”လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှု (၅)နှစ်တာအတွင်း နိုင်ငံတကာဆီက ကြီးမားတဲ့ အကူအညီ မရဘဲ ပြည်သူတွေရဲ့ အားနဲ့ တော်လှန်ရေးအောင်မြင်ဖို့ ဆောင်ရွက်နေရတာဖြစ်ကြောင်း ပြောပါတယ်။
“တော်လှန်ရေးတရပ်က စလာတဲ့ အချိန်တုန်းကတော့ ဘယ်တော့ ပြီးမယ် အခုပဲပြီးတော့မလို့မနက်ဖြန်ပဲ ပြီးတော့မလို မျှော်မှန်းချက်တွေ အင်မတန်မှကြီးပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ ရင်ဆိုင်နေရတဲ့ စစ်ဝါဒီတွေက ကျမက စစ်တပ်တခုတည်း ပြောချင်တာမဟုတ်ဘူးနော် စစ်ဝါဒီတွေက နောက်တခုက သူတို့ကို ပံ့ပိုးပေးနေတဲ့ အင်အားကအင်မတန်မှ ကြီးပါတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတွေရဲ့ မမှိတ်မသုန် ဆက်လက်ပြီး အားထည့်ကြဖို့ လိုပါတယ်” ဇက်နန်ရော်က ပြောကြားပါတယ်။
NUCC ကောင်စီဝင်တစ်ဦးဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဒေါ်နှင်းနှင်းမွှေးကလည်း စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေချိန်ဖြစ်ကြောင်း သတိပေးပါတယ်။
” စစ်အုပ်စုက နည်းလမ်းအသစ်တွေ ပြောင်းကောင်း ပြောင်းနိုင်တယ် သို့သော်လည်း သူလုပ်တဲ့ ပုံစံက စစ်တပ်က အာဏာသိမ်းမယ် စစ်တပ်က ကြီးစိုးထားတဲ့ အရပ်ဝတ်လဲထားတဲ့ ပါတီကနေ နိုင်ငံ့အာဏာကို ရယူမယ်” လို့ သူမက ပြောပါတယ်။
တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်တယ် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အတုအယောင်ကိစ္စ တွေလုပ်ဆောင်လာနိုင်တာကြောင့် ၂၀၂၆ ဟာ စိန်ခေါ်မှုတွေ ကြီးမားတယ်လို့ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
” တော်လှန်ရေးအင်အားစုတွေ ကြားထဲမှာဒီထက်ပိုပြီးတော့ ကျောခြင်းကပ်ကြဖို့ ရင်ခြင်းအပ်ကြဖို့ ပိုပြီး အရေးကြီး တဲ့ အချိန်ကာလဖြစ်တယ်”လို့ ဒေါ်နှင်းနှင်းမွှေးက ပြောကြားပါတယ်။
မတူညီမှုတွေ ကွဲလွဲမှုတွေ ရှိနိုင်ပေမယ့် အတူတကွ ချိတ်ဆက်လုပ်ကိုင်နိုင်ဖို့ လိုအပ် ကြောင်း ပြောပါတယ်။
“ပြီးခဲ့တဲ့ သင်ခန်းစာတွေ အတွေ့အကြုံတွေကိုယူပြီးတော့ ၂၀၂၆ နှစ်သစ်ကို ဖြတ်သန်းတဲ့အခါမှာ တော်လှန်ရေးအောင်ပွဲကို မျက်နှာမူနိုင်ဖို့အတွက် အတူတကွ လုပ်ကြရအောင်လို့ တိုက်တွန်းလိုခြင်းဖြစ်ပါတယ်”လို့ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
ကောင်စီဝင်တစ်ဦးဖြစ်တဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကလည်း “ဒီအချိန်မှာ မိမိတဦးတယောက်ရဲ့ အကျိုးစီးပွား မိမိအဖွဲ့အစည်းရဲ့ အကျိုးစီးပွား၊မိမိလူမျိုးရဲ့ အကျိုးစီးပွား မိမိဒေသရဲ့ အကျိုးစီးပွားလောက်နဲ့လုပ်ရင် အဲဒီလုပ်တဲ့လူတွေလည်း အောင်မြင်မှာမဟုတ်ဘူး။ကျနော်တို့လည်း အောင်မြင်မှာ မဟုတ်ဘူး။ ဒီအချိန်မှာ အတူရုန်းကြရမယ့်အချိန်ဖြစ်တယ်။ မိမိရဲ့ အကျိုးစီးပွား မိမိလူမျိုး မိမိအဖွဲ့ အကျိုးစီးပွားထက် တစုံလုံး တပြည်လုံးပြည်ထောင်စု တခုလုံးရဲ့ အကျိုးစီးပွားကို အတူရုန်းကြရမယ့် အချိန်ဖြစ်တယ်။ဒါမှသာလျင် ကျနော်တို့ အားလုံး ရည်မှန်းတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ ချုပ်ငြိမ်းသွားမယ်။ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုထူထောင်နိုင်မှာ ဖြစ်ပါတယ်။” လို့ ပြောကြားပါတယ်။
ကောင်စီဝင် ဦးမောင်မောင်အေးက စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲအပြီးပေါ်လာမယ့် လွှတ်တော်ဟာ အရင် စစ်ကောင်စီ၊ စစ်ကော်မရှင်တွေနဲ့ ဘာမှ မထူးကြောင်း ပြောပြပါတယ်။
“ဝိုင်ပုလင်းဟောင်းထဲက ဝိုင်ကို နောက်ထပ် ပုလင်းထဲကို တံဆိပ်ပြောင်းကပ်တာထပ် မပိုပါဘူး။ ဒါကြောင့် စစ်ကောင်စီ ရဲ့ ကြိုးပမ်းနေတဲ့ သူတို့လည်း အသိအမှတ်ပြုမှု ရဖို့ သူတို့ အာဏာဆက်လက်ဆွဲကိုင်ဖို့ဆိုတာတွေကလည်း သူတို့ဘက်မှာလည်း အခက်အခဲတွေအများကြီးရှိနေတယ်။ ဒါကြောင့် ဒီအခြေအနေပေါ်မှာ မှန်မှန်ကန်ကန် နေဖို့လိုပါတယ်” လို့ ဦးမောင်မောင်အေးက ပြောပါတယ်။ စစ်တပ်ရွေးကောက်ပွဲအလွန်ကာလတွေဟာ ပိုမိုကြိုးပမ်းတိုက်ပွဲဝင်ရမယ့် ကာလဖြစ်တဲ့အတွက် အားလုံး မဖြစ်မနေ ညီညွတ်ရေးလိုအပ်ကြောင်းလည်း ဦးမောင်မောင်အေးက ပြောပါတယ်။
“ဒီတော်လှန်ရေးမှာ အားလုံးသဘောတူညီနိုင်တဲ့ နိုင်ငံရေးအရ သဘောတူညီချက် ရနိုင်ပြီဆိုလို့ရှိရင် ဒီအပေါ် အခြေခံပြီးနောက်ထပ် ပိုမိုပြီး ကျစ်လစ်တဲ့ ပိုမိုကျယ်ပြန့်တဲ့ ပိုမိုပြီးတော့ အားလုံးပါဝင်နိုင်တဲ့ ပလက်ဖောင်းတခု ပေါ်နိုင်ရေးဟာဘာလို့မဖြစ်နိုင်ရမှာပဲ။ တကယ်ပဲ တော်လှန်ရေး အောင်နိုင်ရေးအတွက် ပြည်သူလူထုရဲ့ ဒီကနေ့ ခံစားနေရတဲ့ ဒုက္ခ အ၀၀ကို ချင့်ချိန်စဉ်းစားပြီး တော့မှ ကျနော်တို့ အားလုံးပေါင်းမှ ဖြစ်မယ် စုစည်းပြီး လုပ်ကြပါစို့” လို့ ဦးမောင်မောင်အေးက ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ NUCC ရဲ့ ၂၀၂၅ ခုနှစ်အတွက် ပြည်သူသို့ အစီရင်ခံစာကိုလည်း ဖတ်ကြားခဲ့ပြီး အဲဒီ အစီရင်ခံစာမှာ NUCC နောက်ခံအခြေအနေ၊ ၂၀၂၅ အတွင်း NUCC ရဲ့ အောင်မြင်မှုတွေနဲ့ အခက်အခဲတွေ၊ တော်လှန်ရေးအင်အားစု အသီးသီးသို့တိုက်တွန်းချက်၊ နိုင်ငံတကာသို့ တိုက်တွန်းချက်စတာတွေ ဖော်ပြထားပါတယ်။


















































