Connect with us

Hi, what are you looking for?

သတင်း

CRPH၊ NUCCနဲ့ NUG အပါအဝင် အဖွဲ့ ၇ဖွဲ့ သဘောတူထားတဲ့ ဘုံနိုင်ငံရေးသဘောတူ ညီချက် ထုတ်ပြန်

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

▪️အာဏာရှင်စနစ်မှန်သမျှ အပြန်အလှန် ကူညီတိုက်ပွဲဝင်ဖို့၊ နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေတာ အဆုံးသတ်ဖို့ ၊ စစ်အုပ်စုကိုအားပေးတဲ့ နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုတွေကို ညီညွတ်စွာ တုံ့ပြန်ဖို့ အချက်တွေ ပါဝင်

▪️ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ရေးဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ရေး အလွန်အရေးကြီးဟု ဖော်ပြ

▪️စစ်အုပ်စုနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရမယ့် ကိစ္စတွေ ရှိလာရင် ဘုံနိုင်ငံရေးသဘောတူညီချက်အပေါ် အခြေခံတုန့်ပြန်မယ်လို့ အသိပေး

ဇူလိုင်-၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းမှု ဖယ်ရှားရေး စစ်တပ်နိုင်ငံရေးမှာ ပါဝင်နေမှု အဆုံးသတ်ရေး အပါအဝင် တော်လှန်ရေးဆိုင်ရာ သဘောတူညီချက်များ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်များ၊ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ ပါဝင်တဲ့ ဘုံသဘောတူညီချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် (SFUH)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG) ၊ မန္တလေးဒေသလွှတ်တော် (MRH)၊ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ (MIGC)တို့ ပါဝင် သဘောတူ အတည်ပြုထားတာ ဖြစ်ပါတယ်။

” စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး အတွက် ဘုံပန်းတိုင်တူသော အင်အားစုများအနေဖြင့် ဤ “တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)” တွင် ထပ်မံ ပူးပေါင်းပါဝင်ကြရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်” လို့လည်း ထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်အားစုများရဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်(ပထမမူကြမ်း) သဘောတူအတည်ပြုခြင်းအခမ်းအနားကို ဒီကနေ့ ဇူလိုင် ၃၀ရက်မနက်မှာ ကျင်းပခဲ့ရာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ် ဦးစိုးဦး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုး၊ မန္တလေးဒေသ လွှတ်တော်ဥက္ကဋ္ဌ ဒေါ်သီတာငြိမ်း၊ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်တို့ အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

” ဒါက မူကြမ်းပဲရှိပါသေးတယ်။ ပိုမိုကောင်းမွန် တဲ့ ဘုံသဘောတူညီချက်ရအောင် ဆက်လက်ပြီးမှ ဦးဆောင်ပေးကြပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။

အခု သဘောတူညီခဲ့တဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်တွေ အထစ်အငေါ့ မရှိအောင် တော်လှန်ရေးအင်အားစုအားလုံးနဲ့ ဆွေးနွေးနိုင်ရေးဟာ အကောင်းဆုံးဖြစ်တယ်လို့ ပြောကြားပါတယ်။

အခုလို တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်တွေအတည်ပြုနိုင်တာဟာ ပကတိ ဖြစ်တည်မှုတွေနဲ့ ဆီလျော်တဲ့နိုင်ငံရေးဆိုင်ရာ သဘောတူညီမှု တိုးမြှင့်ရရှိနိုင်ရေး အတွက် ဆက်လက်ကြိုးပမ်းကြရအုံးမယ့် တာထွက်ကောင်းဖြစ်ပါစေလို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ဆန္ဒပြုပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ် ဦးစိုးဦးကလည်း အခုလို တော်လှန်ရေးအင်အားစုတွေအကြား နိုင်ငံရေးဘုံသဘောတူညီချက်ဟာ အနာဂတ်နိုင်ငံတော်တည်ဆောက်ရာမှာ လမ်းပြမြေပုံတခုဖြစ်နိုင်သလို ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကြပ်အတည်းများ ကျော်လွှားနိုင်ရေး စစ်အမြန်အောင်နိုင်ရေး အတွက်လည်း အင်အားဖြစ်စေမယ်လို့ ယူဆကြောင်း ပြောပါတယ်။

“ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်တော့ ပါဝင်ဖို့ လိုအပ်သလို သဘောတူညီချက်တွေဟာလည်း စာရွက်ပေါ်မှာသာ မကဘဲနဲ့ အချိန်နဲ့ တပြေးညီ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မယ့် အခင်းအကျင်းတော့ ဖြစ်ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်” လို့ ဦးစိုးဦးက ပြောကြားပါတယ်။

NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်ကလည်း တော်လှန်ရေးအင်အားစုတွေရဲ့ဘုံနိုင်ငံရေး သဘောတူညီချက် ရရှိရေး လုပ်ငန်းစဉ်ကို ၂၀၂၄၊ ၂၀၂၅ခုနှစ်တွေမှာ NUCC ရဲ့ ဦးစားပေးလုပ်ငန်းတွေ ဖြစ်ပြီး အဆင့်ဆင့်ဆောင်ရွက်ခဲ့ရကြောင်း အသိပေးပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ NUCCထဲမှာ ပါဝင်နေတဲ့ အဖွဲ့ဝင်များ၊ မပါတဲ့ ကျန်တော်လှန်ရေးအင်အားစုတွေပါ တွေ့ဆုံပြီး အခြေခံ သဘောထားများ ရယူခဲ့ကြောင်း ပြောပါတယ်။

ယခုဘုံနိုင်ငံရေးသဘောတူညီချက်မှာ တော်လှန်ရေးဆိုင်ရာ သဘောတူညီချက်များ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်များ၊ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် များ၊ လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီချက်များနဲ့ အထွေထွေ သဘောတူညီချက်များ ပါဝင်ပါတယ်။

တော်လှန်ရေးဆိုင်ရာ သဘောတူညီချက်မျာ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် အတူတကွ လက်တွဲပြီး စစ်ရေး၊ နိုင်ငံရေး အပြန်အလှန် ပံ့ပိုးကူညီမှုများဖြင့် အောင်ပွဲရသည်အထိ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ ဆိုတဲ့ အချက်ပါရှိပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား ဖြစ်ပွားသော မည်သည့် အမြင်မတူမှုကို မဆို ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက် သွားကြမယ်လို့ ဆိုပါတယ်။

တစုတဖွဲ့၊ နယ်မြေဒေသတခု လွတ်မြောက်ရေးအတွက်သာ မဟုတ်ဘဲ တနိုင်ငံလုံး လွတ်မြောက်သည်အထိ တပြိုင်တည်း အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ကြမယ်လို့လည်း သဘောတူညီထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရမယ့် ကိစ္စရပ်များ ရှိလာပါက ဘုံနိုင်ငံရေး သဘောတူညီချက်အပေါ် အခြေခံ၍ တော်လှန်ရေးအင်အားစုများ အကြား ဆွေးနွေးတိုင်ပင် သဘောထားရယူပြီး တုံ့ပြန်သွားမယ်လို့ ဖော်ပြပါတယ်။

စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံများက တော်လှန်ရေး အင်အားစုများအပေါ် ခြိမ်းခြောက်ဖိအားပေးမှုများကို ညီညီညွတ်ညွတ် ပူးပေါင်း တုံ့ပြန်မယ်လို့လည်း ဖော်ပြထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တွေမှာလည်း ပြည်နယ်/ဖက်ဒရယ်ယူနစ်နှင့် ပြည်နယ်သူ၊ ပြည်နယ်သားများရဲ့ ဆန္ဒနဲ့ ပါဝင်မှုကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကို ရှေးရှုသည့် ပြည်နယ်/ ဖက်ဒရယ်ယူနစ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom – up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်ကာ တော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် နိုင်တဲ့အထိ ဦးတည် လျှောက်လှမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေကတော့ စစ်အာဏာသိမ်းမှုကို အပြီးတိုင်ဖယ်ရှားပြီး အနာဂတ်တွင် နိုင်ငံရေးမှာ စစ်တပ်ပါဝင် နေခြင်းအား အဆုံးသတ်ဖို့၊ ဖျက်သိမ်းကြောင်းကြေညာပြီးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ဖို့ အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုရဲ့ ရွေးကောက်ပွဲ များကို တရားမဝင် အတုအယောင်ရွေးကောက်ပွဲများအဖြစ် သတ်မှတ်ပြီး လုံးဝ ဆန့်ကျင်ကန့်ကွက်ဖို့၊ အဲဒီ အတုအယောင်ရွေးကောက်ပွဲမှ တဆင့် ပေါ်ပေါက် လာတဲ့ ဘယ်အစုအဖွဲ့ကိုမျှ အသိအမှတ်မပြုဖို့လည်း သဘောတူညီထားပါတယ်။

နိုင်ငံရေးပြဿနာများကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြရာမှာ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ခံယူမယ်လို့ ဘုံသဘောတူညီချက်မှာ ပါဝင်ပါတယ်။

အထွေထွေသဘောတူညီချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်များနဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဟာ မြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးကြောင်း၊ ဒါကြောင့် လွတ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းမယ်လို့ သဘောတူညီခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်၊တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မကွေးခရိုင် မှ ကျဆုံးရဲဘော် အာဇာနည်များအား ဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။