ဖေဖော်ဝါရီ-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်ကို စစ်အင်အားဖြည့် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းအသစ်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က ဒီကနေ့ (ဖေဖော်ဝါရီ ၃ရက်)မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ အပါအဝင် သေဆုံးသူ ၃၀ဦးခန့်ရှိခဲ့တယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ချင်းညီနောင်သိမ်းပိုက်ထားတဲံ ဖလမ်းမြို့ ပြန်ရဖို့ ၂၀၂၅ နိုဝင်ဘာလဆန်းကစပြီး စစ်ကြောင်းနှစ်ကြောင်း၊ အင်အား ၈၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

၂၀၂၆ ဇန်နဝါရီ ၂၀ရက်မှာ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ စစ်ယာဉ်တန်းနဲ့ အင်အား ၂၀၀ ကျော်ထပ်မံ ဖြည့်တင်း စစ်ကူစစ်ကြောင်း ပို့ဆောင်ခဲ့ရာ အဲဒီစစ်ကြောင်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်က ဒီကနေ့ မနက်ပိုင်းမှာ သိုင်းငင်း-ဖလမ်းကြား ဇောင်းလေးရွာအနီးတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
“သိုင်းငင်းက တက်လာတဲ့ သုံးကြောင်းမြောက် စစ်ကြောင်းက အယောက် ၃၀လောက် ဗိုလ်မှူးအပါအဝင် ပေါ့ သေဆုံးသွားကြတယ်တဲ့” လို့ ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ဒဏ်ရာရသူတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

The Voice of Chinland ရဲ့ ဖော်ပြချက်မှာလည်း စစ်ကောင်စီ စစ်ကူစစ်ကြောင်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်က ဒီကနေ့ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း တိုက်ပွဲမှာ သေဆုံးတဲ့ စစ်ကေငာ်စီတပ်သားအလောင်းတွေရဲ့ မြင်ကွင်း ပါဝင်တဲ့ ရုပ်သံကို ဖော်ပြထားပါတယ်။
ချင်းမြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က ၂၀၂၅ နှစ်လယ်ကတည်းက စတင်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အဲဒီတုန်းက ကလေး-သိုင်းငင်းကြားမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့လို့ တလခွဲကျော်ကြာအထိ သိုင်းငင်းကို မရောက်နိုင်ဘဲ ဇူလိုင်လဆန်းမှာ ကလေးဘက်ကို တပ်ပြန်ဆုတ်သွားတာဖြစ်ပါတယ်။ ၂၀၂၅ အောက်တိုဘာလကုန်မှာ ကလေးဘက်ကစစ်အင်အားဖြည့်ထားတဲ့ စစ်ကြောင်းနဲ့ တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ်ဖြည့်ထားတဲ့ စစ်ကြောင်းတွေက နိုဝင်ဘာလဆန်းမှာ ထိုးစစ်ဆင်လာလို့တော်လှန်ရေး တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီး ချင်းပူးပေါင်းတပ်တွေစိုးမိုးထားတဲ့နေရာအချို့ကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ ပြန်ရဖို့ စစ်ကောင်စီက ကလေး-သိုင်းငင်းဘက်က ထိုးစစ်ဆင်သလို ဖလမ်း ဝေဘူလမြို့ဘက်ကနေထိုးစစ်ဆင်လို့ တိုက်ပွဲတွေဆက်ရှိနေပြီး နှစ်ဖက်ကျဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။
ချင်းမြောက်ပိုင်း နယ်မြေတွေပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ချင်းညီနောင်၊ ချင်းပြည်ကောင်စီတို့ အတူပူးပေါင်းခုခံနေတာဖြစ်ပါတယ်။ သုံးလခန့်ကြာပြီဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း သေဆုံးထိခိုက်များပြားပြီး လက်နက်ခဲယမ်းအများအပြားကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ရရှိထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီသုံ့ပမ်းတွေ၊ စစ်ကောင်စီတပ်က ထွက်ပြေးပြီး အလင်းဝင်လာသူတွေလည်းရှိတယ်လို့ ချင်းညီနောင်အဖွဲ့ဝင်တခုဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းတင်မီက အသိပေးထားပါတယ်။

ဖလမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားသုံး တိုက်ခိုက်နေသလို တိုက်ပွဲမရှိတဲ့ ကျေးရွာတွေကိုလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။


















































