နိုဝင်ဘာ-၂၁၊၂၀၂၆။ဒလပန်း၊ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ရေးမြို့ကနေ ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) တပ်ရင်း ပြန်လာတဲ့ တပ်ရေးဗိုလ်ကြီးကားကို ပြောက်ကျားတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် Mon State Revolutionary Force – MSRF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၀ ရက် နေ့လည် ၃ နာရီခွဲအချိန်မှာ ရေးမြို့နယ်တောင်ပိုင်း ရင်းဒိန်ကျေးရွာ နဲ့ ရင်းရယ်ကျေးရွာအကြားမှာ ရေးမြို့ကနေ ခေါ်ဇာမြို့အခြေစိုက် ခလရ(၃၁)တပ်ရင်း ပြန်လာတဲ့ တပ်ရေးဗိုလ်ကြီးဇော်မျိုးအောင်လိုက်ပါလာတဲ့ကားကိုတော်လှန်ရေးတပ်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ရေးမြို့ကနေပြီးတော့ ခလရ(၃၁) ခေါဇာမြို့ကို ပြန်လာတဲ့ တပ်ရေး ဗိုလ်ကြီးရဲ့ကားကို မွန်ပြည်တော်လှန်ရေးတပ်ကနေပြီးတော့ ပြောက်ကျားတိုက်ခိုက်ခဲ့တာဖြစ်တယ်ဒီတိုက်ခိုက်မှုမှာဆိုရင် ခလရ ၃၁ က တပ်ရေးဗိုလ်ကြီး ဇော်မျိုးအောင်ရယ် ၊သူ့ရဲ့လုံခြုံရေးအပါအဝင် မိသားစုဝင်တွေလည်း အဲ့နေရာမှာသေဆုံးခဲ့တာလည်းဖြစ်ပါတယ် “လို့ မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောပါတယ်။

Public Service Announcement
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်သားတွေထံက MA-3 (၁) လက်၊ MA ကျည်ဘောက် (၃) ခု၊ MA ကျည်တောင့် (၁၀၀) ဝန်းကျင်၊ ပစ္စတို MA5 (၁) လက် နဲ့ ဖုန်း (၁) လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာတပ်ရေးဗိုလ်ကြီးဇော်မျိုးအောင်အပြင် တပ်ကြပ်ကြီးတဦးလည်း ပါဝင်ကြောင်းသိရပါတယ်။
အောက်တိုဘာ ၉ရက်ည သန်းခေါင်လောက်မှာလည်း ခလရ(၃၁)တပ်ရင်း အဝင်ဂိတ်ကို MSRF တပ်ခွဲ(၁) ရဲဘော်တွေက ၁၅ မိနစ်ကြာ တိုက်ခိုက်ခဲ့တာတွေလုပ်ဆောင်ခဲ့ပါတယ်။
မွန်တော်လှန်ရေးတပ်တွေဟာ ရေးမြို့နယ်အပါအဝင် မွန်နဲ့ ကရင်အစပ်ဒေသတွေက စစ်တပ်စခန်းတွေကို တိုက်ခိုက်တဲ့စစ်ဆင်ရေးတွေ ဆက်တိုက်ဖော်ဆောင်လျက်ရှိပါတယ်။
မွန်တပ်တခုဖြစ်တဲ့ ရာမညမွန်တပ်တော်(RMA)ကလည်း ကျိုက်မရောမြို့နယ်က စစ်တပ်စခန်း ၃ခုကို နိုဝင်ဘာလ ၁၂ရက်က တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ RMAက အသိပေးထားပါတယ်။ ဒါ့အပြင် ကော့ကရိတ်မြို့နယ် က စစ်တပ်စခန်းနေရာ ၃ ခုကိုလည်း RMA ဒရုန်းတပ်ဖွဲ့က နိုဝင်ဘာ ၆ရက်မှာ တိုက်ခိုက်ခဲ့ပါသေးတယ်။ အောက်တိုဘာ ၃၁ရက်ကလည်း ရေးမြို့နယ် ဒူးရားရွာဘက်က စစ်တပ်စစ်ကြောင်းကိုလည်း RMAက မိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်မှု ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်တပ်ကလည်း မွန်ပြည်သူတွေနေထိုင်ရာကို လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ရက်နဲ့ ၁၆ရက်နေ့တွေမှာ ရေးချောင်းဖျားဒေသက ပြည်သူနေထိုင်ရာ ရွာတွေကို စစ်တပ်က လေယာဉ် ဗုံးကြဲခဲ့ရာ ပြည်သူ ၄ဦးထက်မနည်း သေဆုံးကာ ၂၀ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဗုံးကြဲတဲ့ဒေသဟာ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ မွန်တပ်စခန်းတွေနေရာမဟုတ်ဘဲ စစ်တပ်နဲ့ အပစ်ရပ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ(NMSP)နယ်မြေက ရွာတွေကို တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
“ရန်သူစစ်ကောင်စီဘက်ကနေပြီးတော့ အပြစ်မရှိတဲ့ အရပ်သားပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာမျိုး လုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်ရပ်ရွာမှာ ကိုယ့်လုံခြုံဘေးကင်းဖို့အတွက် ဗုံးခိုကျင်းတွေ တူးထားတာမျိုး ဒီလိုမျိုး ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ထားဖို့အတွက် တိုက်တွန်းချင်ပါတယ်” လို့လည်း မိတလဉာဏ်က ဒေသတွင်း စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။
MSRF အနေနဲ့ စစ်တပ်ကို တိုက်ခိုက်ရာမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတာလည်းရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) နဲ့ MSRF တို့ဟာ ညီနောင်မဟာမိတ် အဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒေသတွင်းမှာ ဗျူဟာ (၃၃) တပ်အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး MSRFက စစ်ရေးဖော်ဆောင်နေတာ ဖြစ်ပါတယ်။

























































