နိုဝင်ဘာ-၂၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်တပ်က အင်အားအများအပြားဖြည့်တင်းမှုတွေ ပြုလုပ်နေကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်း စစ်တပ်က အင်အားအများအပြား ထပ်မံရောက်ရှိနေကြောင်း၊ ဒါ့အပြင် မုံရွာမြို့နယ်အတွင်းရှိ ကံကြီးဘုန်းကြီးကျောင်းဝင်းအတွင်းမှာလည်း စစ်တပ်က ရိက္ခာအဖြစ် အသုံးပြုဖို့ ဆန်အိတ်ပေါင်း ၁,၀၀၀ ကျော်ကို ပို့ဆောင်သိုလှောင်ထားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
အလားတူ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းကလည်း ဖန်ခါးကျင်းကျေးရွာဘက်သို့ သံပြားကာယာဉ် ၅ စီး ရောက်ရှိလာခဲ့ပြီး အင်အားချထားကြောင်း သိရပါတယ်။

Public Service Announcement
လက်ရှိ စစ်တပ်ရဲ့ အင်အားဖြည့်တင်းနေတာဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေကို ပြန်လည်ရယူဖို့အတွက် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်ကြောင်း ကာကွယ်ရေးရဲဘော်အချို့က သုံးသပ်ပါတယ်။
”PDF စိုးမိုးနယ်မြေတွေကို စစ်တပ်က ပြန်ရဖို့အတွက် ထိုးစစ်ဆင်ချင်တဲ့သဘောပါ။ ကျွန်တော်တို့ PDF စိုးမိုးမှုယူထားတဲ့ မုံရွာ – မန္တလေးလမ်းပိုင်းကိုလည်း စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း NUG/MOD ထိုးစစ်ရပ်ပေးတာကို အခွင့်ကောင်းယူပြီး စစ်တပ်က အင်အားတိုး ကင်းပုန်းအထပ်ထပ်ချကာ ပြန်လည်စိုးမိုးမှုယူသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့တာဆိုတော့ နယ်မြေပြန်ရဖို့အတွက် အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်ဖို့အတွက်လို့ ယူဆရပါတယ်”လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်တပ်ဟာ စစ်ကြောင်းထိုးဖို့ ကြိုတင်ပြင်ဆင်နေတဲ့ အခြေအနေတွေ တွေ့ရှိနေရတဲ့အတွက် နမခ အနီးဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံပြည်သူတွေအနေနဲ့ ခရီးသွားလာမှုတွေကို အထူးသတိပြုကြဖို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးပါတယ်။
ဒါ့အပြင် လေကြောင်းရန်နဲ့ လက်နက်ကြီး ပစ်ခတ်မှုအန္တရာယ်တွေကနေ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းတွေကို အသင့်ပြင်ဆင်ထားကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
လက်ရှိ မုံရွာမြို့ပေါ်မှာလည်း အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲမှုတွေ နေ့စဥ်နီးပါး ပြုလုပ်နေပြီး လူငယ်လူရွယ်တွေ အများအပြား ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

























































