နိုဝင်ဘာ – ၂၁ ၊၂၀၂၆
အပြည်ပြည်ဆိုင်ရာတရားရုံး( ICJ) ရဲ့ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးနိုင်ငံတကာ တရားစီရင်ရေးအဖွဲ့အစည်းတွေအနေနဲ့ လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး စီရင်ပိုင်ခွင့်ကျင့်သုံးနေတာကို စိုးရိမ်တယ်လို့ တရုတ်အစိုးရ သဘောထားမှတ်ချက်ပေးလာပါတယ်။
မနေ့( နိုဝင်ဘာလ ၂၀ ရက်)မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ICJ ရဲ့မြန်မာနိုင်ငံအပေါ် စီရင်ချက်အမိန့်နဲ့ပတ်သက်ပြီးတရုတ်ရဲ့သဘောထားကို AFP သတင်းဌာနကမေးမြန်းတဲ့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်တာပါ။
နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းတွေအနေနဲ့ တရားမျှတမှုနဲ့ မျှတတဲ့တရားစီရင်ရေးကိုထိန်းသိမ်းစောင့်ရှောက်ဖို့အရေးပါပေမယ့်ဥပဒေနဲ့အညီဆင်ခြင်တုံတရားနဲ့လုပ်ပိုင်ခွင့်တွေကိုကျင့်သုံးဖို့လိုအပ်တယ်ဆိုတာ တရုတ်အစိုးရကယူဆတယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူကပြောပါတယ်။

Public Service Announcement
လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီးစီရင်ပိုင်ခွင့်ကျင့်သုံးတာ၊ကျယ်ပြန့်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တရုတ်က စိုးရိမ်ပူပန်မှုတွေ ရှိနေပြီးအဲဒီလို ဆောင်ရွက်ချက်တွေဟာအငြင်းပွားမှုဖြေရှင်းရေးအတွက် အကျိုးပြုနိုင်မှာမဟုတ်ဘူးလို့လည်း တရုတ်က ယူဆထားပါတယ်။
ဒါအပြင် ICJ တရားရုံးရဲ့ စီရင်ချက်ကို တရုတ်ဘက်က သိရှိထားပြီး ရခိုင်ပြည််နယ်အရေးဟာ အလွန်ရှုပ်ထွေးတဲ့ သမိုင်းကြောင်း ၊တိုင်းရင်းသားရေးရာနဲ့ ဘာသာရေးနောက်ခံတွေရှိနေတဲ့အတွက် ဘက်ပေါင်းစုံနည်းလမ်းတွေနဲ့ စီမံပြီးမှ ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဲဒီအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အတူတကွကြိုးပမ်းဆောင်ရွက်သင့်ပြီး ပိုမိုရှုပ်ထွေးလာစေတာမျိုး ရှောင်ရှားရမယ်လို့လည်း တရုတ်ရဲ့သဘောထားကို သူက ပြောသွားပါတယ်။
ICJ မှာ မြန်မာအမှုကို အမိန့်ချချိန် အဖွဲ့ဝင် တရားသူကြီးတစ်ဦးဖြစ်တဲ့ တရုတ်တရားသူကြီးက မြန်မာဘက်က ထောက်ခံမဲပေးခဲ့တာက တရုတ်အစိုးရရဲ့ညွှန်ကြားချက်ကြောင့်လားဆိုတဲ့မေးခွန်းကိုလည်း “အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သည် ကမ္ဘာ့ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေးအဖွဲ့အစည်းဖြစ်ပြီး တရားသူကြီးများ သည် တစ်ဦးချင်းလွတ်လပ်စွာ တာဝန်ထမ်းဆောင်ကြပါသည်” လို့ တုံ့ပြန်သွားပါတယ်။

























































