နိုဝင်ဘာ-၂၁၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာခံအမျိုးသမီး ၁ဦးနဲ့ အမျိုးသား ၁ဦးတို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် ညသန်းခေါင်ကျော် ၁၂ နာရီကျော်အချိန်မှာ သဝင်ချောင်းရွာကို ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” အိမ်တိုင်းမှာ လူတွေ မရှိလို့ တော်သေးတယ် ပြောရမယ်။ မဟုတ်ရင် အများကြီးသေနိုင်တယ်။ အနားတဝိုက်က အိမ် လေး၊ ငါး ၊ ခြောက်လုံး ပါသွားတယ်။ လူနှစ်ယောက် ဒဏ်ရာရတယ်” လို့ ပေါက်တောဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
သဝင်ချောင်ကျေးရွာဟာ ပေါက်တောမြို့အနီးမှာရှိတဲ့ တိုက်နယ်အဆင့်ရွာကြီးဖြစ်ပြီး ရွာခံအရပ်သားတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွ နေထိုင်ကြပါတယ်။
စစ်တပ်ဟာ သဝင်ချောင်းကျေးရွာကို ပြီးခဲ့တဲ့လတွေတုန်းကလည်း လေကြောင်းကနေ မကြာခဏဗုံးကြဲခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း စစ်တပ်က Y12 လေယာဉ် ၁စီးနဲ့ ပေါက်တောမြို့နယ်အတွင်း ဗုံးကြဲနေခဲ့ပြီး အထိအခိုက် တွေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
” Y12 တစီးနဲ့ ၁၀ နာရီကျော်လောက်က ချသွားတယ်။ ဘယ်နားတွေကျလဲ မသိသေးဘူး” လို့ ပေါက်တောမြို့မှာ နေထိုင်တဲ့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ နိုဝင်ဘာ ၂၀ ရက်ကလည်း အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် အတွင်းက ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်တို့ကို Y12 ၊ တိုက်လေယာဉ်အပါအဝင် လေယာဉ် ၇ စီးထက် မနည်းနဲ့ ဗုံးကြဲခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်ကလည်း တိုက်လေယာဉ်အပါအဝင် ဗုံးကြဲလေယာဉ် အစီး ၁၀ ကျော်နဲ့ ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို ဗုံးအလုံး တရာနီးပါး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
အလားတူပဲ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းကလည်း သံတွဲမြို့နယ် ငပလီမြို့၊ လင်းသာအမှတ်(၁)ရပ်ကွက်ရှိ မင်္ဂလာသုခဘုန်းတော်ကြီးကျောင်းကိုလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဲဒီရပ်ကွက်မှ ညီအစ်မ ၂ဦး သေဆုံးပြီး နောက်ထပ် ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး အထိနာနေကာ အခုရက်ပိုင်းမှာ သံတွဲ၊ ကျောက်တော်၊ မြောက်ဦးမြို့ပေါ်နေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေကျေးရွာတွေကို ဆက်တိုက်ဗုံးကြဲနေ တာဖြစ်ပါတယ်။
စစ်တပ်ဟာ အခုရက်ပိုင်းမှာ ရခိုင်ပြည်နယ်က စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိ လာပြီး အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်တွေဖြစ်ကာ ပါဝင်သူတယောက်ချင်း ကို လက်တုံ့ပြန်သွားမယ် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၂၁ ရက်ထိ ၂လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၅၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၇၇ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ကတော့ မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲ မကြာခင်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။

























































