Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြင်သစ်မှာ ကျောင်းသားက ဓားနဲ့ထိုးလို့ ဆရာမတစ်ဦး အသက်လု ကုသမှု ခံယူနေရ

ပြင်သစ်နိုင်ငံမှာ ကျောင်းသားတစ်ဦးက ဓားနဲ့ထိုးလို့ ကျောင်းဆရာမတစ်ဦး အသက်လု ကုသမှု ခံယူနေရကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ပြင်သစ်နိုင်ငံမှာ ကျောင်းသားတစ်ဦးက ဓားနဲ့ထိုးလို့ ကျောင်းဆရာမတစ်ဦး အသက်လု ကုသမှု ခံယူနေရကြောင်း သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းက ကမ်းရိုးတန်းဒေသ ဗားရ်မှာရှိတဲ့ ဆန်နာရီ ဆာမားမြို့မှာ ဖြစ်ပွားခဲ့တာပါ။

အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးက အလယ်တန်းပြ အနုပညာ ဆရာမကို အတန်းဖော်တွေ ရှေ့မှာတင် ဓားနဲ့ သုံးလေးချက် ဆင့်ပြီးထိုးခဲ့တာ ဖြစ်ပါတယ်။

အသက် ၆၀ အရွယ် အမျိုးသမီးဟာ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး အတွင်းလူနာအဖြစ် အရေးပေါ် ကုသမှုတွေ ခံယူနေရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ကျောချမ်းစရာ တိုက်ခိုက်မှုကို မျက်မြင်တွေ့ခဲ့တဲ့ ကျောင်းသူကျောင်းသား ၂၀ လောက်လည်း ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကျောင်းသားဟာ တိုက်ခိုက်မှုအပြီး စာသင်ခန်းထဲက ထွက်ပြေးသွားပေမယ့် မကြာခင်မှာပဲ အဖမ်းခံခဲ့ရပြီး လူသတ်ရန် ကြံစည်မှုအတွက် စုံစမ်းစစ်ဆေး ခံနေရပါတယ်။ ဒေသခံ အစိုးရ ရှေ့နေ ရာဖေးလ် ဘော်လန်းက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် ဆက်လက် စုံစမ်းနေပေမယ့် ဘာသာရေး၊ နိုင်ငံရေး အစွန်းရောက်ဝါဒ တစ်ခုခုနဲ့ ဆက်နွှယ်တဲ့ အထောက်အထားတော့ မတွေ့ရကြောင်း ပြောပါတယ်။

ကျောင်းသားဟာ ဓားထိုးခံရတဲ့ ဆရာမနဲ့ လတ်တလော ပြဿနာဖြစ်ထားပြီး ဒေါသစိတ်ကြောင့် ကြံစည် ကျူးလွန်မှုလို့ ကနဦး ယူဆထားကြောင်း သူက ဆိုပါတယ်။ တိုက်ခိုက်မှု အပြီးမှာတော့ လာဂူချာ့ဒ် ကျောင်းထဲက ဝန်ထမ်းတွေနဲ့ ကလေးတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့သလို ဖေဖော်ဝါရီ ၄ ရက်နေ့အတွက် စာသင်ချိန်တွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

ပြင်သစ် ပညာရေးဝန်ကြီး အီဒူရာ့ဒ် ဂျက်ဖရေးဟာ အခင်းဖြစ်ရာကျောင်းကို ကိုယ်တိုင် သွားရောက်ပြီး စုံစမ်းရေး အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူက ဒဏ်ရာရထားတဲ့ ဆရာမ အမြန်ဆုံး သက်သာလာစေဖို့ ဆန္ဒပြုကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပြင်သစ်က စာသင်ကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေက သင်ကြားရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဖြစ်ရပ်တွေ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။

မနှစ်က ဇွန်လတုန်းက အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးဟာ လက်ထောက် ဆရာမတစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တာကြောင့် လူသတ်မှုနဲ့ တရားစွဲ ခံခဲ့ရပါတယ်။ ဧပြီလမှာ နန့်တေးစ်မြို့ထဲ ကျောင်းသားတစ်ဦးက ဓားကိုင်ရမ်းကား တိုက်ခိုက်ခဲ့ရာက မိန်းကလေးတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းကတော့ ပြင်သစ် ကျောင်းဆရာ ဆမ်မြူရယ် ပါတေးဟာ ပါရီမြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုက သူ့ရဲ့ ကျောင်းရှေ့မှာ ချီချန် ဒုက္ခသည် တစ်ဦးရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီလူသတ်မှုဟာ ဘာသာရေး အစွန်းရောက် ဝါဒကို အခြေခံကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ