Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးဦးဆောင်မှု ခိုင်မာရေးကိစ္စ NUCCနဲ့ NUG ထပ်မံ တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ဖေဖော်ဝါရီ ၈ရက်မှာ ထပ်မံ တွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

▪️ကောင်းမွန်သော သဘောတူညီမှုများစွာရရှိခဲ့ဟု ထုတ်ပြန်

ဖေဖော်ဝါရီ-၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ဖေဖော်ဝါရီ ၈ရက်မှာ ထပ်မံ တွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ ဒုတိယအကြိမ်မြောက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအဖြေရှာကြတာဖြစ်ပြီး ဆွေးနွေးမှုဟာ ၄နာရီကျော် ကြာခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတွေ့ဆုံမှုမှာ အားကောင်းခိုင်မာသော တော်လှန်ရေးဦးဆောင်မှုတစ်ခုပေါ်ပေါက်စေဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း(၂) ပြင်ဆင်ဖို့၊ NUCC ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့၊ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ AFTA ရှေ့ဆက်ရေးဆွဲနိုင်ရေးနဲ့ NUCC/NUG ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွေရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြပြီး ကောင်းမွန်သော သဘောတူညီမှုများစွာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဓိက ဆွေးနွေးကြတဲ့ ခေါင်းစဥ် ၅ခု၊ ၆ခု လောက်ရှိပြီး တချို့ခေါင်းစဥ်တွေက ဆွေးနွေးမှု မပြီးပြတ်သေးတာကြောင့် အသေးစိတ် မပြောပြနိုင်သေးကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောပါတယ်။

“သို့သော် ကျွန်တော်တို့ကြားမှာ ဘုံတူညီတဲ့ အချက်တွေကတော့ တော်တော်များများတွေ့ရပါတယ်။ ဒါက ဘာလဲဆိုတဲ့အခါကျတော့ ၂၀၂၆ခုနှစ်ဟာ တော်လှန်ရေးအတွက် အလွန်အရေးကြီးတဲ့ အချိန်ဖြစ်နေပြီပေါ့နော်။ အဲ့ဒီတော့ အားလုံးစုစုစည်းစည်းလုပ်နိုင်ကြမှ အောင်မြင်မယ်။ အားလုံးအတူ ညှိနှိုင်းပြီးမှ သွားနိုင်မှ အောင်မြင်မယ်။ တစုတဖွဲ့ချင်းစီ ဆက်ပြီးသွားနေရင်တော့ အချိန်ပိုကြာမယ်။ ခရီးလည်းရောက်မှာ မဟုတ်သလို ဆုံးရှုံးမှုတွေလည်း ပိုပြီးတော့ များမယ်ပေါ့။ ဒီတော့ ကျွန်တော်တို့တတွေ ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီးတော့ ဆက်သွားဖို့လိုတယ်။ ဘ​​​ယ်နဲ့ ညာလို ဟန်ချက်ညီ ဆက်လက်ပြီး တိုက်ပွဲဝင်ကြဖို့ လိုတယ်။ အတုအယောင်ငြိမ်းချမ်းရေးတို့၊ အကြမ်းဖက်စစ်အုပ်စုနဲ့ သို့မဟုတ် ပေါ်ထွက်လာမယ့် စစ်တပိုင်းအစိုးရတို့နဲ့ ညှိနှိုင်းဖို့တို့ စသဖြင့် ဒါမျိုးတွေကတော့ ကျွန်တော်တို့ NUCC မှာရော၊ NUG မှာရော လုံးဝစဥ်းစားထားချက် မရှိဘူးဆိုတာမျိုးတွေ ဒါတွေဟာ အလွန်အားရစရာကောင်းတဲ့အချက်တွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်”လို့ အထက်ပါ NUCC ကောင်စီဝင်က ဆက်ပြောပါတယ်။

အခု အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)မှာ ပါဝင်တဲ့ ပြည်နယ်၊ ဖက်ဒရယ်ယူနစ် အစုအဖွဲ့တွေဘက်က ကောင်စီဝင်ခေါင်းဆောင်တွေနဲ့အတူ ကျန်အစုအဖွဲ့အသီးသီးက ကောင်စီဝင်တွေတက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ Political Coordination Commission (PCC)မှာ ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ NUG တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

အားကောင်းခိုင်မာတဲ့ တော်လှန်ရေး ဦးဆောင်မှုဖြစ်ပေါ်ရေး အတွက် NUCCနဲ့ NUG တို့ဟာ အခုနှစ် ဇန်နဝါရီ ၂၅ရက်မှာ ပထမအကြိမ် တွေ့ဆုံခဲ့တာဖြစ်ပြီး နှစ်ပတ်အကြာမှာ ဒုတိယအကြိမ်ဆွေးနွေးမှု လုပ်ဆောင်ခဲ့တာပါ။

NUCC အနေနဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ မူကြမ်း(AFTA)ရေးဆွဲတာနဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်(CPA)ရရှိရေး လုပ်ငန်းစဉ်ကို ၂၀၂၆ ပထမနှစ်ဝက်အတွင်း ပြီးပြတ်အောင် ကြိုးပမ်းသွားမယ်လို ဖေဖော်ဝါရီ ၁ရက် သတင်းစာရှင်းလင်းပွဲမှာ အသိပေးထားပါတယ်။ အလားတူ ဘုံနိုင်ငံရေး သဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ် ကိုလည်း ပြီးပြတ်အောင် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။