ဂျပန်မှာ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီး လှုပ်ခတ်အပြီး ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေး ကြေညာချက်တွေကို အာဏာပိုင်တွေက ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
ဧပြီ ၂၀ နေ့လယ်ပိုင်းတုန်းက ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ပင်လယ်ပြင်ကို ဗဟိုပြုတဲ့ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ အန္တရာယ် သတိပေး ကြေညာချက်တွေကို ထုတ်ပြန်ခဲ့တာပါ။ ငလျင်ရဲ့ ပြင်းအားကို မူလက မဂ္ဂနီကျု ၇.၅ လို့ ကြေညာခဲ့ရာက နောက်ပိုင်းမှာ ၇.၇ အဖြစ် ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ဂျပန်မြောက်ပိုင်း ကမ်းရိုးတန်းတွေမှာ ၁၀ ပေထိ အမြင့်ရှိနိုင်တဲ့ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်လာနိုင်ကြောင်း အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့သလို ဒေသခံတွေလည်း အပူတပြင်း ရွှေ့ပြောင်းခဲ့ပါတယ်။
အဲဒီနောက် ဟော့ကိုင်းဒိုး ကမ်းရိုးတန်း ဒေသတချို့မှာ ရေလှိုင်းငယ်တွေ ရိုက်ခတ်ခဲ့သလို အီဝါတာ ဒေသရဲ့ ကူဂျီ ဆိပ်ကမ်းမှာ အမြင့် ၂ ပေခွဲလောက်ရှိတဲ့ ဆူနာမီလှိုင်းတွေကို တိုင်းတာ ရရှိခဲ့ပါတယ်။

Public Service Announcement
ညပိုင်းမှာတော့ ဆူနာမီ ရေလှိုင်းအန္တရာယ် အရေးပေါ် ကြေညာထားတဲ့ အဆင့်ကနေ သတိထားကြဖို့ အဆင့်ဆီ လျှော့ချ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ နာရီပိုင်းလောက် ကြာတဲ့ထိတော့ ကမ်းရိုးတန်း ဧရိယာတွေဆီ ဒေသခံတွေ ပြန်မသွားသင့်သေးဘူးလို့ တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။
ငလျင်ကြီးအပြီးမှာတော့ နောက်ဆက်တွဲ ငလျင်ငယ်တချို့လည်း လှုပ်ခတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရမှု အခြေအနေတွေကို မသိရသေးပေမယ့် အရမ်းဆိုးရွားတဲ့ ကိစ္စတွေ မဖြစ်ခဲ့ဘူးလို့ ယူဆရပါတယ်။ အနည်းဆုံး တစ်ဦးလောက် ဆေးရုံရောက်ခဲ့ပေမယ့် အသေးအဖွဲ ဒဏ်ရာရသူ တချို့သာ ရှိခဲ့ပြီး သေဆုံးသတင်း မကြားရသေးပါဘူး။ အဆောက်အအုံတွေ၊ တံတားတွေ အကြီးအကျယ် ပျက်စီးတာမျိုးလည်း မတွေ့ရသေးပါဘူး။ ပြီးတော့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေမှာ မူမှန်မဟုတ်တဲ့ အခြေအနေ တစ်ခုခု ဖြစ်ပေါ်လာတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။
ဒါပေမဲ့ နောက်ဆက်တွဲ စိုးရိမ်စရာ အနေနဲ့ ဂျပန်မြောက်ပိုင်းမှာ ပိုမို အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လာမယ့် တစ်ပတ်လောက်အတွင်း လှုပ်ခတ်နိုင်ခြေဟာ မူလခန့်မှန်းထားတာတွေထက် ပိုမို မြင့်တက်လာကြောင်း ဂျပန် ငလျင်တိုင်းတာရေး အေဂျင်စီက ပြောပါတယ်။ အဲဒီလို ဖျက်အားပြင်းပြီး ကြမ်းတမ်းတဲ့ ငလျင်ကြီးမျိုး လာမယ့် နီးစပ်တဲ့ အနာဂတ်အတွင်း လှုပ်ခတ်နိုင်ခြေဟာ ၁ ရာခိုင်နှုန်းလောက် ရှိလာကြောင်း အေဂျင်စီက ဆိုပါတယ်။
ဂျပန်နားမှာရှိတဲ့ ရေအောက် ပြတ်ရွေ့ကြောကြီး နှစ်ခုကနေ ဧရာမ ငလျင်ကြီး ဖြစ်ပေါ်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားတာပါ။ အဲဒီ သတိပေးချက်ဟာ ဟော့ကိုင်းဒိုးကနေ ချီဘာရှိ ဒေသတွေက မြို့ရွာ စုစုပေါင်း ၁၈၂ ခုအတွက် အကျုံးဝင်ပါတယ်။
ဖျက်အားပြင်း ငလျင်ကြီးတစ်ခု ထပ်လှုပ်မယ်လို့ ကျိန်းသေပေါက် ဆိုလိုတာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ဖြစ်လာနိုင်ခြေအတွက် ကြိုပြီး ပြင်ဆင်ထားဖို့နဲ့ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်တွေကို နားစွင့်ဖို့ အေဂျင်စီက တိုက်တွန်းထားပါတယ်။
ကိုးကား: CNA


















































