ဥရောပရောက် အမေရိကန်တပ်တွေ ရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဥရောပ မဟာမိတ် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ရှင်းပြဖို့ ကြိုးစားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဥရောပမှာ ဖြန့်ကျက်ထားမယ့် အမေရိကန် စစ်သားတွေကို လျှော့ချ ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ခြင်းက ဥရောပ နိုင်ငံတွေအတွက် စိတ်ရှုပ်ထွေးစရာ ဖြစ်လာပါတယ်။ ပြီးတော့ အမေရိကန်ဟာ NATO စစ်မဟာမိတ် အဖွဲ့အပေါ် ကတိထားရှိတဲ့အတိုင်း ဥရောပရဲ့ လုံခြုံရေးအပေါ် အလေးထား ကာကွယ်ပေးဖို့ ဆက်ပြီး ဆန္ဒမရှိတော့ဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။
မေလ ၂၂ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုဟာ ဆွီဒင်နိုင်ငံမှာ ကျင်းပတဲ့ NATO နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မိတ်ဖက် နိုင်ငံတွေဆီ ရှင်းပြဖို့ ကြိုးစားခဲ့ကြောင်း NATO သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်တပ်တွေ ရုပ်သိမ်းမယ့် ခြေလှမ်းတွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အကြောင်းပြချက်မျိုး ရူဘီရိုက မပေးနိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
အီရန်စစ်ပွဲ ကိစ္စနဲ့ပတ်သက်ပြီး ထရမ့်နဲ့ ဂျာမနီ ဝန်ကြီးချုပ် ဖရိုင်းဒရစ်ချ် မားဇ်တို့ကြား လူသိရှင်ကြား သဘောထား ကွဲလွဲခဲ့တဲ့နောက် ထရမ့်က ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်သည်တွေထဲက အရေအတွက် ၅၀၀၀ ကို ထုတ်နုတ် ရုပ်သိမ်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ပိုလန်မှာ အမေရိကန် တပ်အင်အား ၄၀၀၀ အသစ်ဖြန့်ကျက်မယ့် ကိစ္စကိုလည်း ထရမ့်က ပယ်ဖျက်စေခဲ့ပါတယ်။ ရက်ပိုင်း အကြာမှာတော့ ပိုလန်ကို တပ်အင်အား ၅၀၀၀ လောက် ဖြည့်တင်း ပို့ဆောင်မယ်လို့ ကြေညာပြန်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ သူနဲ့ ပိုလန်ဝန်ကြီးချုပ် ကာရိုးလ် နော်ဝေါ့ကီကြားက ရင်းနှီးမှုအပေါ် အခြေခံတယ်လို့ ထရမ့်က ပြောပါတယ်။

Public Service Announcement
ဆွီဒင်နိုင်ငံရဲ့ ဟယ်လ်ဆင်ဘော့ဂ်မြို့မှာ ကျင်းပခဲ့တဲ့ NATO နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံပွဲဟာ ပိုလန်မှာ အမေရိကန်တပ်တွေ ဖြန့်ကျက်မယ့် အစီအစဉ် ပယ်ဖျက်သွားတာကို အလေးထား ဆွေးနွေးဖို့ စီစဉ်ထားခဲ့တာပါ။ အဲဒီနောက် ထရမ့်က ပိုလန်ဆီ တပ်တွေ ပေးပို့မယ်လို့ ပြောလာပြန်တာကြောင့် အခြေအနေတွေက ကမောက်ကမ ဖြစ်ကုန်ပြီး မျက်စိတွေ လည်ကုန်တယ်လို့ NATO သတင်းရင်းမြစ်တွေက ဆိုပါတယ်။
တကယ့်ကို စိတ်ရှုပ်စရာကောင်းကြောင်း၊ ဒီလို အမျိုးမျိုး ပြောင်းနေတာမျိုးမှာ ရှေ့ဆက် အလုပ်လုပ်ရတာက ဘယ်လိုမှ မလွယ်ကြောင်း ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ မယ်လ်မာ စတန်နီဂါ့ဒ်က ပြောကြားခဲ့ပါတယ်။ ရူဘီရိုကတော့ ဥရောပမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်အင်အားကို ပြန်လည် ချိန်ညှိမှုတွေ လုပ်ဖို့ လိုတယ်ဆိုတာကို အမေရိကန်ရော၊ ဥရောပ မဟာမိတ်တွေပါ ကောင်းကောင်း နားလည်ထားပြီးသား ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။
အဲဒီအတွက်လည်း လုပ်သင့်တာတွေ စလုပ်နေပြီ ဖြစ်ကြောင်း၊ အမေရိကန်ဟာ ကိစ္စတိုင်းကို မဟာမိတ်တွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်နေကြောင်း သူက ဆက်ပြောပေမယ့် ဥရောပ နိုင်ငံတွေအတွက် စိတ်မသက်မသာ ဖြစ်စရာတွေ ကြုံနေတာကိုလည်း နားလည်တယ်လို့ အသိအမှတ် ပြုခဲ့ပါတယ်။
အားလုံး စိတ်လှုပ်ရှား ဝမ်းသာနေကြပါတယ်လို့ သူမပြောချင်ကြောင်း၊ ဒါပေမဲ့ ဒီကိစ္စတွေ ရှိလာမယ် ဆိုတာကိုတော့ အားလုံး သဘောပေါက်ထားပြီး ဖြစ်ကြောင်းလည်း ရူဘီရိုက ဆိုပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ ဥရောပနိုင်ငံ ၃၀ တို့ ပါဝင်ဖွဲ့စည်းထားတဲ့ NATOဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်မဟာမိတ် အဖွဲ့ဖြစ်ပြီး အမေရိကန်ကတော့ အားအကောင်းဆုံး၊ အတောင့်တင်းဆုံး အဖွဲ့ဝင်ပါ။
အမေရိကန်ဟာ ဥရောပ နိုင်ငံတွေရဲ့ လုံခြုံရေးကို အာမခံချက် ပေးနိုင်ဖို့အတွက် ဥရောပမှာ တပ်တွေ အများအပြားကို ဆယ်စုနှစ်တွေနဲ့ချီ ဖြန့်ကျက်ပေးထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့နောက် ဥရောပ နိုင်ငံတွေက ကာကွယ်ရေးဆိုင်ရာ ကတိတွေကို ဆက်ပြီး ထိန်းသိမ်းထားပေးဖို့ အမေရိကန် အစိုးရကို တောင်းဆိုလာပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ထရမ့်က ဒုတိယအကြိမ် အာဏာရလာတဲ့ အခါမှာတော့ ဥရောပရဲ့ လုံခြုံရေးကို ဥရောပကပဲ အဓိက တာဝန်ယူသင့်တယ်ဆိုတဲ့ ချဉ်းကပ်မှု သဘောထားမျိုး ပြသလာပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမှာ NATOက ပါဝင်ကူညီဖို့ ငြင်းဆန်ခဲ့ခြင်းကလည်း ဥရောပ နိုင်ငံတွေအပေါ် ထရမ့်က ပိုပြီး အမြင်မကြည် ဖြစ်လာပါတယ်။
လက်ရှိ ဥရောပမှာ အမေရိကန်တပ်တွေ အများဆုံး ဖြန့်ကျက်ထားတဲ့ နိုင်ငံက ဂျာမနီဖြစ်ပြီး အရေအတွက် ၃၆၀၀၀ ကျော်ပါတယ်။ အီတလီမှာ ၁၂၀၀၀၊ ဗြိတိန်နဲ့ ပိုလန်တို့မှာတော့ အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀၀၀ ဝန်းကျင်စီ အသီးသီး ရှိနေတယ်လို့လည်း ယုံကြည်ရပါတယ်။
ကိုးကား: BBC


















































