အောက်တိုဘာ-၂၉၊၂၀၂၆။People’s Spring
အာဏာသိမ်းမြန်မာစစ်တပ်ကခရစ်ယာန်တွေအပေါ် ဖိနှိပ်နေမှု၊ လော်ဘီကုမ္ပဏီ တစ်ခုကို တစ်နှစ် ဒေါ်လာ ၃ သန်းတန် စာချုပ်နဲ့ ငှားရမ်းထားမှုတွေကိုအမေရိကန်လွှတ်တော် အမတ်ဟောင်း တဦးက ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့က ဗာဂျီးနီးယားပြည်နယ်၊ ဖောလ်စ်ချာ့ချ်မြို့မှာ ကျင်းပတဲ့ဖရန့်ခ်ဝုလ်ဖ်နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် ဆုပေးပွဲ အခမ်းအနား မိန့်ခွန်းမှာ ဖရန့်ခ်ဝုဖ်က အခုလို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဝုဖ်ဟာ အမေရိကန် သမ္မတ ဘီလ်ကလင်တန် လက်ထက်၊ ၁၉၉၈ ခုနှစ်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေ ပေါ်ပေါက်လာရေးမှာ အဓိက တွန်းအားပေး ပါဝင်ခဲ့သူ တဦးဖြစ်ပါတယ်။
အဲဒီဥပဒေဟာ ကမ္ဘာတလွှားကဘာသာရေး လွတ်လပ်ခွင့်တွေကို မြှင့်တင်ဖို့ အမေရိကန် အစိုးရကအားပေးကူညီတဲ့မူဝါဒတွေမှာ ဒီနေ့ထိ အရေးပါနေဆဲပါ။ အခုနှစ်အတွက် ဖရန့်ခ်ဝုလ်ဖ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဆုကိုတော့Burma Advocacy Groupရဲ့ အမှုဆောင် ဒါရိုက်တာ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ အေ ရွိုင် မက်ဒ်လေက ရရှိသွားပါတယ်။

Public Service Announcement
သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ ဝုဖ်က မြန်မာစစ်တပ်ဟာ ဘာသာရေး လွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်နေပြီးအထူးသဖြင့်ခရစ်ယာန်တွေအပေါ် အဓိက ပစ်မှတ်ထားနေတယ်လို့ထည့်သွင်း ဝေဖန်သွားပါတယ်။
ပြီးတော့အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အာဏာသိမ်း မြန်မာစစ်တပ်က ဝါရှင်တန်ဒီစီ အခြေစိုက် လော်ဘီကုမ္ပဏီ DCI Groupကို တစ်နှစ် ဒေါ်လာ ၃ သန်းနဲ့ ငှားရမ်းထားတဲ့ ကိစ္စကိုပါဝုဖ်က ထိုးနှက်သွားခဲ့ပါတယ်။
ဆုပေးပွဲကို အမေရိကန် အခြေစိုက် ချင်း၊ ကချင်၊ ကရင် တိုင်းရင်းသား အသိုက်အဝန်းတွေရဲ့ နှစ်ချင်း ခရစ်ယာန် ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ Burma Research Institute (BRI)ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ် ဇိုတန်မှုံက မြန်မာနိုင်ငံက ခရစ်ယာန် အသိုက်အဝန်း ကြုံတွေ့နေတဲ့ အခက်အခဲတွေကို ထုတ်ဖော် ပြောကြားပေးခဲ့တဲ့အတွက် ဝုဖ်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
နောက်ပြီး မြန်မာစစ်တပ်က အမေရိကန် အခြေစိုက် လော်ဘီကုမ္ပဏီတွေကိုငှားရမ်းအသုံးပြုလို့ မရအောင် တားဆီးမယ့် ဥပဒေမျိုး အမေရိကန်ကပြဋ္ဌာန်းပေးဖို့လိုကြောင်းလည်း သူက ဆိုပါတယ်။
merican Baptist Churches USAရဲ့ အတွင်းရေးမှူးချုပ်ဟောင်း သိက္ခာတော်ရ ဒေါက်တာ ရော်ဘင် စတူးပ်စ်ကလည်း ဝုဖ်ဟာ ဆယ်စုနှစ်တွေနဲ့ချီ ဖိနှိပ်ညှင်းပန်း ခံနေရတဲ့ ခရစ်ယာန် ဘာသာဝင်တွေအတွက် ရပ်တည်ပေးခဲ့ကြောင်း၊ မြန်မာ ခရစ်ယာန်တွေအတွက် သူ့ရဲ့ အစဉ်တစိုက် အားပေးပြောဆိုမှုတွေအတွက် အထူးကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။
ကိုးကား – BRI





















































