ထိုင်ဝမ် အရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲမှုတွေဟာ အမေရိကန်နဲ့ တရုတ်ကြား နျူကလီးယား တင်းမာမှု အဆင့်ထိ ရောက်ရှိသွားစေနိုင်ကြောင်း ထိပ်တန်း ကာကွယ်ရေး သုတေသန အဖွဲ့တစ်ခုက သတိပေးခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်းဟာ နိုင်ငံရဲ့ ပိုင်နက် အစိတ်အပိုင်း တစ်ခုအဖြစ် တရုတ်က သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ပါ ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံကတော့ ကိုယ်ပိုင်သီးခြား အုပ်ချုပ်မှုမျိုးကိုသာ လိုလားနေပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန် ဆက်ဆံရေးမျိုး မထားရှိပေမယ့် ကျွန်းနိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို အားပေးတဲ့ အနေနဲ့ စစ်လက်နက်တွေ ရောင်းချပေးနေပါတယ်။
တကယ်လို့ ထိုင်ဝမ်ကို သိမ်းယူဖို့ တရုတ်က စစ်ပြုတိုက်ခိုက်လာရင် အမေရိကန်က စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှာလား ဆိုတာက ခက်ခဲတဲ့ မေးခွန်းတစ်ခု၊ အထူးသဖြင့် စိတ်နေစိတ်ထားအရ မှန်းဆရခက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကြောင့် ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။
မေလလယ်တုန်းကတော့ ဘေဂျင်းခရီးစဉ်မှာ ထရမ့်ဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ထိုင်ဝမ်ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ ထရမ့်က သူဟာ ထိုင်ဝမ်နဲ့ ပတ်သက်လို့ ရှီကို ဘာမှ တိတိကျကျ ကတိမပေးခဲ့၊ စကားမကျွံခဲ့ဘူးလို့ ပြောပါတယ်။

Public Service Announcement
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး သုတေသနဌာန (IISS)ကတော့ ထိုင်ဝမ်အရေးမှာ စူပါပါဝါ ပြိုင်ဘက် နှစ်နိုင်ငံစလုံးကသာ အလျှော့မပေးကြဘူးဆိုရင် နျူကလီးယား စစ်လက်နက် တင်းမာမှု အကျပ်အတည်း အဆင့်ထိ ကျယ်ပြန့်လာနိုင်တယ်လို့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
စင်ကာပူမှာ မေလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ ကျင်းပမယ့် အာရှတိုက်ရဲ့ အကြီးမားဆုံး နှစ်ပတ်လည် ကာကွယ်ရေး အစည်းအဝေးကြီးဖြစ်တဲ့ ရှန်ဂရီလာ တွေ့ဆုံပွဲ မတိုင်ခင်မှာ IISSဆီက အခုအစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထိုင်ဝမ်ကိစ္စကို အကြောင်းပြုပြီး အမေရိကန်နဲ့ တရုတ်ကြားမှာ စစ်မီးပွား စတင်ပြီ ဆိုတာနဲ့ နှစ်ဖက်စလုံးဟာ စစ်ရေး ကွပ်ကဲမှု ဌာနတွေ၊ ဆိုက်ဘာ အခြေခံ အဆောက်အအုံတွေ၊ ဆက်သွယ်ရေး စနစ်တွေကို လက်ဦးမှုယူ တိုက်ခိုက် ဖျက်ဆီးလာနိုင်တယ်လို့ IISSက မှတ်ချက်ပေးထားပါတယ်။ အဲဒီ အခြေအနေကနေ တစ်ဆင့်တက်ပြီး နိုင်ငံကြီး နှစ်ခုကြားက နျူကလီးယား ပဋိပက္ခတစ်ခု၊ အကျပ်အတည်းတစ်ခု အဆင့်ထိ ရောက်သွားနိုင်တယ်လို့ IISSရဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။
ဒါ့အပြင် ကမ္ဘာကြီးဟာ၊ အထူးသဖြင့် အာရှ-ပစိဖိတ် ရပ်ဝန်းဟာ နောက်ထပ် နျူကလီးလက်နက် အပြိုင်အဆိုင် တပ်ဆင်မှု ပြိုင်ပွဲတစ်ခု အရှိန်ရလာတာကို မျက်ဝါးထင်ထင် ကြုံတွေ့လာနိုင်ခြေ ရှိနေကြောင်းလည်း သတိပေးထားပါတယ်။
ဒါပေမဲ့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကျန့်ပင်က IISSရဲ့ သုံးသပ်ချက်တွေဟာ လက်တွေ့နဲ့ ကိုက်ညီမှု၊ ကျိုးကြောင်းညီညွတ်မှု မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ နောက်ပြီး ထိုင်ဝမ်အရေးဟာ တရုတ်ရဲ့ ပြည်တွင်းရေး ကိစ္စဖြစ်တာကြောင့် ဘယ်ပြည်ပ စွက်ဖက်မှုကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်ကလည်း အမေရိကန် အစိုးရ အနေနဲ့ ထိုင်ဝမ်ကိစ္စမှာ အရမ်း သတိကြီးကြီးထားပြီး ကိုင်တွယ် ဆုံးဖြတ်ဖို့ မျှော်လင့်ကြောင်း ပြောဆိုသွားပါတယ်။
အမေရိကန်ဖက်ကတော့ IISSရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ချက်ချင်း သဘောထား မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။
စင်ကာပူမှာ ကျင်းပမယ့် ရှန်ဂရီလာ တွေ့ဆုံပွဲမှာတော့ အီရန်စစ်ပွဲ ကိစ္စနဲ့အတူ ထိုင်ဝမ်အရေးဟာလည်း အဓိက အာရုံစိုက်ရမယ့် ခေါင်းစဉ်တစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။
ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အရေအတွက် အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံတွေအဖြစ် ဦးဆောင်နေပေမယ့် လေ့လာ စောင့်ကြည့်သူတွေကတော့ နောက်ပိုင်းနှစ်တွေအတွင်း တရုတ်ရဲ့ နျူကလီးယား လက်နက်တိုက် ချဲ့ထွင်နိုင်တဲ့ မြန်နှုန်းဟာ ကြောက်ခမန်းလိလိ တိုးလာနေကြောင်း ထောက်ပြထားပါတယ်။
လက်ရှိမှာတော့ ရုရှားမှာ နျူကလီးယား ထိပ်ဖူး ၄၄၀၀ ဝန်းကျင်၊ အမေရိကန်မှာ ၃၇၀၀ ဝန်းကျင်လောက် ပိုင်ဆိုင်ထားပြီး တရုတ်မှာ ၆၂၀ လောက် ရှိနေပါတယ်။ ဒါပေမဲ့ ၂၀၃၀ ပြည့်နှစ်ကျရင် တရုတ်မှာလည်း ထိပ်ဖူးအရေအတွက် ပိုင်ဆိုင်မှု ထောင်ဂဏန်း စတင်ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။
ကိုးကား: Reuters


















































