စက်ရုံဝင်းထဲထိ ဝင်ပြီး လူ ၄ ဦးကို တိုက်ခိုက်ခဲ့တဲ့နောက် ထွက်ပြေး လွတ်မြောက်သွားတဲ့၊ အံ့ဩစရာ ကောင်းလောက်အောင် ပါးနပ်လွန်းတဲ့ ဝက်ဝံတစ်ကောင်ကို ဂျပန်မှာ အပူတပြင်း လိုက်ရှာနေပါတယ်။
ဖူကူရှီးမားမှာ ရဲတွေနဲ့ ဒေသခံ မုဆိုးတွေ ပူးပေါင်းပြီး အဲဒီ အနက်ရောင် ဝက်ဝံကို လိုက်ရှာနေကြတာ ဖြစ်ပါတယ်။ အရှည် တစ်မီတာလောက် ရှည်တဲ့ ဝက်ဝံဟာ အရမ်း ဉာဏ်များပြီး ပိတ်ဆို့ခံထားရချိန်မှာတောင် ပြတင်းပေါက်ကို ဖွင့်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၃ ရက်နေ့တုန်းက လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို စစ်ဆေးကြည့်တဲ့အခါ ဝက်ဝံဟာ ဖူကူရှီးမား သံမဏိလုပ်ငန်း ကုမ္ပဏီ ကားပါကင် နေရာတစ်ခုမှာ လုံခြုံရေး ဝန်ထမ်းတစ်ယောက်နောက် ပြေးလိုက်ပြီး တွန်းလှဲပစ်ခဲ့တာ တွေ့ရပါတယ်။ ပါကင်ထဲ ဝင်လာတဲ့ ကားတစ်စီးက ခြောက်လှန့်ပြီး လိုက်တိုက်တော့မှ ဝက်ဝံက ထွက်ပြေးသွားပြီး ရုံးခန်း တစ်ခုထဲ ဝင်သွားရင်း နောက်ထပ် အမျိုးသား တစ်ဦးကို တိုက်ခိုက်ခဲ့ပြန်ပါတယ်။
အဲဒီနောက်မှာ ဝက်ဝံက ထွက်ပြေးသွားပြန်ပြီး အီလက်ထရောနစ် ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံထဲ ရောက်သွားပါတယ်။ စက်ရုံ အလုပ်သမားတွေဟာ အဲဒီဝက်ဝံက ရေပိုက်ခေါင်းကို လှည့်ဖွင့်ပြီး ရေသောက်နေတာကို တအံ့တဩ တွေ့ခဲ့ရပါတယ်။ ဝက်ဝံဟာ ထွက်ပြေးနေချိန် အတောအတွင်း လူနေရပ်ကွက်ထဲက အသက် ၈၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦးနဲ့ အီလက်ထရောနစ် ပစ္စည်း စက်ရုံ ဝန်ထမ်းတစ်ဦးကိုလည်း ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ပြန်ပါတယ်။

Public Service Announcement
နောက်တော့ အာဏာပိုင်တွေက ဝက်ဝံကို စက်ရုံ အဆောက်အအုံထဲမှာ ပိတ်ဆို့ထားပြီး ပင်မ ဝင်ပေါက်မှာ ထောင်ချောက် ၄ ခုဆင်ပြီး စောင့်ဖမ်းခဲ့ပါတယ်။ ပြီးတော့ မေ့ဆေးသေနတ်တွေလည်း အသင့်ပြင်ထားပါတယ်။ ဒါပေမဲ့ ရဲတစ်ယောက်က ညပိုင်းမှာ အဲဒီဝက်ဝံဟာ စက်ရုံဝင်းရဲ့ စည်းရိုးကို ကျော်တက်ပြီး ထွက်ပြေး လွတ်မြောက်သွားတာ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် စက်ရုံထဲ ဝင်စစ်ကြည့်တဲ့အခါ ဝက်ဝံဟာ ထောင်ချောက်ဆင်ထားတဲ့ နေရာက မထွက်ဘဲ ပြတင်းပေါက် တစ်ခုကို လက်သည်းတွေနဲ့ ကုတ်ခြစ်ပြီး ဖွင့်ထားတယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ပြတင်းပေါက်မှာ လက်သည်းရာတွေလည်း ထင်ကျန်နေခဲ့ပါတယ်။
ဝက်ဝံကို လိုက်ဖမ်းချိန်မှာ မေ့ဆေးသေနတ်နဲ့ တစ်ချက် ထိမှန်အောင် ပစ်ခတ်ခဲ့ပေမယ့် ဆေးရည်က ဝက်ဝံရဲ့ ခန္ဓာကိုယ်ထဲ ပျံ့နှံ့ ဝင်ရောက်ခဲ့ပုံ မရဘဲ ထူးထူးခြားခြား ဘာမှ အပြောင်းအလဲ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဂျပန်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း လူနေဧရိယာတွေထဲထိ ဝက်ဝံတွေ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှုတွေနဲ့ ကြုံနေရပါတယ်။ မနှစ်တုန်းက ဂျပန်မှာ ဝက်ဝံတိုက်ခိုက်မှုတွေကြောင့် ၁၃ ဦး သေဆုံးပြီး တစ်နှစ်တာ စံချိန်တင် အရေအတွက် ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း အလားတူ တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ ၄ ဦးထိ ရှိခဲ့ပြီးပါပြီ။
ဂျပန်မှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်လို့ စည်းမျဉ်းတွေ အရမ်းတင်းကျပ်ထားပေမယ့် လူထုကို အန္တရာယ် ပေးနိုင်တဲ့ ကိစ္စတွေကို တားဆီးဖို့ အတွက်တော့ သေနတ်ကိုင်ခွင့် ပြုထားပါတယ်။ ဒါပေမဲ့ အခုဖြစ်စဉ်မှာတော့ ဝက်ဝံ ဝင်မွှေခဲ့တဲ့ နေရာက မီးလောင်လွယ်တဲ့ ပစ္စည်းတွေ အများအပြား ရှိနေတဲ့အတွက် သေနတ်တွေ မသုံးခဲ့ပါဘူး။
ရေပိုက်ခေါင်းကို ဖွင့်ပြီး ရေသောက်ခဲ့တာ၊ ပိတ်ထားတဲ့ အဆောက်အအုံကနေ ပြတင်းပေါက်ကိုဖွင့်ပြီး ထွက်ပြေးသွားတာကို ကြည့်ရင် ဒီဝက်ဝံဟာ အံ့ဩစရာ ကောင်းလောက်အောင် ပါးနပ်ပြီး ဉာဏ်ကောင်းလွန်းမှန်း ကောက်ချက်ချလို့ရကြောင်း မြို့တော်ဝန် ယူကီဘာဘာက ပြောပါတယ်။
ဝက်ဝံသာ လူနေဧရိယာထဲမှာ ဆက်ပြီး ရှိနေသေးရင် တခြားသူတွေ အန္တရာယ် ကျရောက်လာနိုင်တာကြောင့် ရဲတွေ၊ မုဆိုးတွေနဲ့ တခြား အာဏာပိုင်တွေက လူအင်အားရော၊ ဒရုန်းတွေကိုပါ အသုံးပြုပြီး လိုက်ရှာနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မေလ ၅ ရက်နေ့ အထိတော့ ဝက်ဝံက ပျောက်ခြင်းမလှ ပျောက်နေဆဲပါ။
အနီးတဝိုက်မှာ ရှိနေတဲ့ ကျောင်းတွေကို လုံခြုံရေးအရ ဇွန်လ ၄ ရက်နေ့မှာ တစ်ရက်ကြာ ပိတ်ထားခဲ့ပြီး ဇွန်လ ၅ ရက်မှာတော့ ပြန်ဖွင့်ထားကြောင်းလည်း သိရပါတယ်။
ကိုးကား: Guardian


















































