ဂျပန်နိုင်ငံ၊ နာဂိုယာ မြို့တော်မှာ ကျင်းပနေတဲ့ အာရှ မသန်စွမ်း အားကစား ပြိုင်ပွဲမှာ တစ်ပတ်အတွင်း နိုင်ငံတော်သီချင်း မှားဖွင့်မှုတွေ သုံးကြိမ်ထိ ဖြစ်ပွားခဲ့လို့ မြို့တော်ဝန် ကိုယ်တိုင် တောင်းပန်ခဲ့ရပါတယ်။
အာရှ မသန်စွမ်း အားကစား ပွဲတော်ကို ဂျပန်နိုင်ငံ အလယ်ပိုင်းက အချက်အခြာကျရာ မြို့မှာ အခုသီတင်းပတ်ကုန်ထိ ကျင်းပနေပြီး အားကစားနည်း ၁၈ ခုအတွက် နိုင်ငံတကာ အားကစားသမားတွေနဲ့ အားကစားအဖွဲ့ဝင် ၄၀၀၀ ကျော် ရောက်ရှိနေပါတယ်။
တတိယ အကြိမ်မြောက် နိုင်ငံတော်သီချင်း အမှားအယွင်းကိစ္စ ကြုံခဲ့တဲ့နောက် အောက်တိုဘာ ၂၁ ရက်နေ့မှာ မြို့တော်ဝန် အီချီရို ဟီရိုဆာဝါက အဲဒီ ချွတ်ချော်မှုတွေအတွက် တရားဝင် တောင်းပန်ခဲ့ပါတယ်။ အာရှ မသန်စွမ်း အားကစား ပြိုင်ပွဲ မတိုင်ခင် အာရှ အားကစားပွဲကို ကျင်းပတုန်းကလည်း တူညီတဲ့ အမှားတွေ ရှိခဲ့ကြောင်း၊ အဲဒီ အခြေအနေတွေကို သင်ခန်းစာယူပြီး ပြင်ဆင်ထားခဲ့လျက်နဲ့ ထပ်ဖြစ်တယ် ဆိုတာက လက်ခံနိုင်စရာ မရှိကြောင်း သူက သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားသွားပါတယ်။
အခု သီတင်းပတ် အစောပိုင်းတုန်းက ထိုင်ဝမ် အားကစားသမား တစ်ဦးဟာ အမျိုးသား မသန်စွမ်း တိုက်ကွမ်ဒို ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့ပြီး ဆုချီးမြှင့်တဲ့အချိန် အီရန်နိုင်ငံတော် သီချင်းကို မှားဖွင့်ပေးခဲ့မိပါတယ်။ ဆုပေးပွဲပြီးမှ အဲဒီအမှားကို ပြိုင်ပွဲ တာဝန်ရှိသူတွေ သိခဲ့တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement
အဲဒီနေ့မှာပဲ မွန်ဂိုလီးယား အားကစားမယ်က မသန်စွမ်း တိုက်ကွမ်ဒို ပြိုင်ပွဲမှာ ဆုလက်ခံယူတဲ့အချိန် အီရန် နိုင်ငံတော် သီချင်းကိုပဲ မှားဖွင့်ခဲ့ပြန်ပါတယ်။ နောက်ထပ် ဖြစ်စဉ်တစ်ခုမှာတော့ တရုတ်နဲ့ အီရန်တို့ရဲ့ ဘော်လီဘော ပွဲစဉ်မတိုင်ခင် တရုတ် နိုင်ငံတော် သီချင်းအစား တောင်ကိုရီးယား နိုင်ငံတော် သီချင်းကို ၅ စက္ကန့်လောက်ကြာအောင် မှားယွင်း ဖွင့်ထားမိခဲ့တာ ဖြစ်ပါတယ်။
ဒီလိုတွေ မှားနေတာက လက်ခံနိုင်စရာ မရှိသလို နာကျင်စရာလည်းဖြစ်ကြောင်း၊ ဒီအခြေအနေတွေအတွက် အထူးစိတ်မကောင်း ဖြစ်မိကြောင်း ဟီရိုဆာဝါက ဆိုပါတယ်။ နိုင်ငံတော်သီချင်းတွေ မှားဖွင့်တာကလွဲရင် ပြိုင်ပွဲတစ်ခုလုံးစာ အခြေအနေကတော့ ချောချောမွေ့မွေ့ ကျင်းပနိုင်ခဲ့တယ်လို့ သူယုံကြည်ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
မသန်စွမ်း ပြိုင်ပွဲမတိုင်ခင် အာရှ အားကစားပြိုင်ပွဲကတော့ အောက်တိုဘာ လဆန်းမှာ ကျင်းပ ပြီးစီးခဲ့ပါတယ်။ အဲဒီတုန်းကလည်း နိုင်ငံတော်သီချင်း မှားဖွင့်တာတွေ၊ အားကစားသမားတွေအတွက် နေရာထိုင်ခင်း အစီအစဉ် ညံ့ဖျင်းတာတွေကြောင့် အတော်လေး ဝေဖန်ခံခဲ့ရပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့တုန်းက အာရှ အားကစားပြိုင်ပွဲရဲ့ တောင်ကိုရီးယားအသင်း ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ပွဲစီစဉ်သူတွေက မြောက်ကိုရီးယား နိုင်ငံတော် သီချင်းကို မှားဖွင့်ပေးခဲ့မိဖူးပါတယ်။
ကိုးကား: AFP




















































