မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးဟာ ဂျပန်ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှာ မှတ်တမ်းသစ် တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။
ရှီဇူအိုကာ ဒေသမှာ ပုံမှန်ပြေးဆွဲတဲ့ ဘတ်စ်ကားယာဉ်လိုင်းမှာ ကိုပြည့်စုံဟာ ပထမဆုံး နိုင်ငံခြားသား ယာဉ်မောင်းအဖြစ် ခန့်အပ်ခံရကြောင်း ဖူဂျီကျိုတို ရှင်ဇူကာ ဘတ်စ်ကားလိုင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့တုန်းက ဘတ်စ်ကားယာဉ်မောင်း ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အလုပ်ဆင်းနေတဲ့ ကိုပြည့်စုံရဲ့ ဓာတ်ပုံကိုလည်း ယာဉ်လိုင်းက လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ ကိုပြည့်စုံဟာ ရှပ်အင်္ကျီအဖြူနဲ့ လက်အိတ်အဖြူကို ဝတ်ဆင်ထားပြီး ဘတ်စ်ကား ယာဉ်မောင်းထိုင်ခုံမှာ ရှိနေတာကို တွေ့ရပါတယ်။
ယာဉ်လိုင်းရဲ့ ပထမဆုံး နိုင်ငံခြားသားကို ခန့်အပ်လိုက်တဲ့ သတင်းဟာ လူမှုကွန်ရက်ပေါ်မှာ အာရုံစိုက်မှုတွေကို ရရှိခဲ့ပြီး ဝမ်းသာကြောင်း မှတ်ချက်ပေး တုံ့ပြန်သူတွေ ရှိခဲ့ပါတယ်။ ဂျပန်မှာ တရားဝင် အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဘာသာစကားနဲ့ အသက်မွေးမှုဆိုင်ရာ ကျွမ်းကျင်ပညာရပ်တွေကို ကြိုးစား သင်ယူခဲ့တဲ့ ကိုပြည့်စုံကို တချို့ကလည်း ချီးကျူးခဲ့ပါတယ်။

Public Service Announcement
တချို့မှတ်ချက်တွေကတော့ နိုင်ငံအနှံ့က ဘတ်စ်ကားလိုင်းတွေမှာ ယာဉ်မောင်းအင်အား မလုံလောက်တာကြောင့် လူသစ်တွေ ခန့်အပ်ဖို့ လိုအပ်တဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကိုပြည့်စုံကို အလုပ်ခန့်လိုက်တာဟာ ဂျပန်ရဲ့ ပို့ဆောင်ဆက်သွယ်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ ဘတ်စ်ကားလိုင်းတွေမှာ နိုင်ငံခြားသားတွေရဲ့ အခန်းကဏ္ဍ ပိုမိုကြီးထွားလာနိုင်တယ်ဆိုတဲ့ ပုံရိပ်တစ်ခုလည်း ဖြစ်လာပါတယ်။
ဂျပန်မှာ သယ်ယူပို့ဆောင်ရေး လုပ်သား ရှားပါးနေချိန်မှာ ကိုပြည့်စုံလိုမျိုး နိုင်ငံခြားသား ဝန်ထမ်းတွေကို ခန့်အပ်လာခြင်းဟာ လူထုက လက်ခံကြိုဆိုတဲ့ အရွေ့တစ်ခု ဖြစ်လာပြီး ကုမ္ပဏီတွေက ဝန်ထမ်းခန့်အပ်ရေးနဲ့ လေ့ကျင့်ရေးဆိုင်ရာ မူဘောင်တွေကို ချဲ့ထွင်လာတယ် ဆိုတာကိုလည်း မြင်သာစေခဲ့ပါတယ်။
ကိုးကား: Japan Daily




















































