ဇွန်-၁၀၊၂၀၂၆ ။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစက်လှေဟာ ကျောက်တော်ကနေ ဓါတ်ဆီ၊ ဒီဇယ်၊အင်ဂျင်ဝိုင်၊စက်ပစ္စည်းတွေ သွားဝယ်ပြီး ရမ်းဗြဲမြို့ကို အပြန် ပင်လယ်ပြင်မှာ ဇွန်လ ၈ ရက် ညနေပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။
“ကျောက်ဖြူသံဇစ်မြစ်ထဲမှာကနေဗီ(Navy)တွေ သုံးစီးလောက်ရှိတယ်။ အဲဒီကနေ Speed Boat တွေနဲ့ ထွက်လာပြီး ဘုတ်ကို လိုက်ဖမ်းတာ။အရင်ဆုံး သေနတ်နဲ့ ပစ်သေးတယ်။ဘုတ်တောင် သေနတ်ကျည် ထိသွား သေးတယ်။ဘုတ်မှာပါတဲ့သူအကုန်အဖမ်းခံရတယ်။အခုထိဘယ်ရောက်နေတယ်မသိရဘူး”လို့ ရမ်းဗြဲမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
ဖမ်းဆီးခံရတဲ့စက်လှေဟာ ရမ်းဗြဲမြို့မှ ဦးရွှေခဲရဲ့ စက်လှေဖြစ်ပြီး အခုဖမ်းဆီးခံရသူတွေဟာ ဦးရွှေခဲနဲ့ သူ့စက်လှေမှာ လိုက်ပါလာတဲ့ အလုပ်သမားတွေဖြစ်ပါတယ်။ စက်လှေမှာပါတဲ့ ကုန်ပစ္စည်းတွေဟာ ကာလ ပေါက်စျေးနဲ့ဆိုရင် ကျပ်သိန်းထောင်ဂဏန်းထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
“အခု ဆီစျေးတက်နေတော့ တန်ဖိုးက မနည်းဘူး။ မရှိရင်တောင်သိန်းသုံးထောင်နီးပါးဖိုးရှိမယ်”လို့ အထက်ပါရမ်းဗြဲမြို့ခံကပြောပါတယ်။
အာရက္ခတပ်တော်က ရမ်းဗြဲမြို့ နဲ့ ရမ်းဗြဲမြို့နယ်ကို ၂၀၂၄ မတ်လမှာအပြီးသတ်သိမ်းပိုက်နိူင်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က အရင်က ဓည၀တီ၊ တောင်မော်ဦးရေတပ်စခန်းတို့အနီးပတ်လည်ပင်လယ်ပြင်မှာပဲ စစ်သင်္ဘောတွေ ချထားခဲ့ပေမယ့် အခုအခါ ရမ်းဗြဲမြို့နယ်အပိုင် ပင်လယ်ပြင်ထိပါတိုးချ၊ နေရာယူထားပြီး ဖြတ်
သန်းသွားလာတဲ့ အရပ်သားတွေရဲ့စက်လှေတွေကို ပစ်ခတ်တာ၊ ဖမ်းဆီးတာ၊ လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ လုပ် လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကလည်းရမ်းဗြဲမြို့နယ်မှထွက်ခွာလာတဲ့စက်လှေတစီးကိုတောင်မော်ဦးရေတပ်စခန်းနဲ့ အလှမ်းဝေးတဲ့ မင်းကြောင်းချောင်းအလွန်မှာစစ်တပ်က Speed Boat နဲ့ လိုက်လံပစ်ခတ်တဲ့အတွက် စက်လှေမှာပါလာတဲ့ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။စက်လှေမှာပါတဲ့သူတွေကတော့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို မခံခဲ့ရဘဲ လွတ်မြောက်သွားခဲ့ပါတယ်။
“ဒီကောင်တွေက တိုက်ပွဲမနိုင်တော့ ပြည်သူတွေကို အကုန်လိုက်ပြီး ဒုက္ခပေးနေတာပါ။ ရေကြောင်းမှာတခုမှလုပ်စားလို့မရတော့ဘူး။ ငါးဖမ်းထွက်ရင်လည်း လိုက်ပစ်တယ်။ အရင်ကဆို သူတို့ သင်္ဘောနားရောက်မှပဲ ပစ်တာ။ အခု Speed Boat လေးတွေနဲ့ အနားကပ်ပြီးတောင်လာပစ်တယ်”လို့ကျောက်ဖြူမြို့နယ်မှ မြေပြင်အခြေအနေတွေ သိတဲ့ လူငယ်တဦးက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းကနေ ကမ်းတက်ပြီး ကျောက်ဖြူနဲ့ ရမ်းဗြဲကြားလမ်းဆုံဖြစ်တဲ့ စနဲမြို့ဆီ တန်ပြန်ထိုးစစ်ဆင်ဖို့ ထိန်းချုပ်ဖို့ကြိုးစားခဲ့တဲ့စစ်တပ်ဟာအာရက္ခတပ်တော်(AA)ရဲ့ ကြားဖြတ်တိုက် ခိုက်မှုကြောင့် အထိ
နာခဲ့ပါတယ်။ ကျောက်ဖြူ၊ ရမ်းဗြဲကမ်းခြေတလျှောက် စစ်သင်္ဘောတွေတိုးချပြီးရေကြောင်းကနေပါကမ်းတက်ဖို့၊ တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားနေပါတယ်။
အဲဒီလိုရေပြင်မှာနေရာယူထားတဲ့ စစ်သင်္ဘောတွေက အရပ်သားပြည်သူတွေကို လိုက်လံ ပစ်ခတ်၊ ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။စနဲမြို့ကိုစစ်ကြောင်းထိုးတဲ့တိုက်ပွဲ နဲ့ တောင်မော်ဦးရေတပ်စခန်းနားတိုက်ပွဲတွေမှာအထိနာနေတဲ့စစ်တပ်ဟာအရပ်သားလူနေကျေးရွာတွေကိုဒရုန်းနဲ့ ဗုံးကြဲတာ၊ ရေကြောင်းကနေ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်လာခဲ့တာပါ။
လက်ရှိမှာ AA ရဲ့တန်ပြန်ထိုးစစ်ကြောင့် တောင်မော်ဦးရေတပ်စခန်းနားမှာကာကင်းတစ်ခုပဲကျန်တော့ပါတယ်။စစ်တပ်ကလေကြောင်းကိုအဓိကသုံးပြီးခုခံနေသလို တပ်မိသားစုတွေ နဲ့ အရာရှိပိုင်းတွေကို စစ်ရေယာဥ်တွေနဲ့ ရွှေ့ပြောင်းနေကာစစ်ကူတွေလည်း ထပ်ဖြည့်နေပါတယ် ။
ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းကနေရာအများစုကိုသိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းကအာဏာသိမ်းစစ်တပ်ရဲ့ဓည၀တီရေတပ်စခန်း၊အမှတ်(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပြီး မြို့နီးပတ်လည်က တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။
လက်ရှိမှာကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း၊အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။
AAတပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ကျောက်ဖြူ၊စစ်တွေ နဲ့ မာန်အောင်မြို့နယ်တွေကိုအခု၂၀၂၆ နဲ့ ၂၀၂၇ တို့မှာအပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။


















































