ဇူလိုင်-၁၉၊၂၀၂၆။ဖိုးသား/People’s Spring
ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
စစ်တပ်က ကျောက်ထုမြို့ အမှတ်(၃၆၈)အမြောက်တပ်ကနေ ပန်းဆန်-ရွှေအောင်သာ-ထီးလင်းကားလမ်းမကြီးအတိုင်း အင်အား ၂၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ထီးလင်းမြို့နဲ့ (၁၀)မိုင်ခန့်အကွာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေအောင်သာကျေးရွာကို ပြန်လည်စိုးမိုးနိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement
“လက်ရှိမှာက ရွှေအောင်သာရွာကနေပဲ ချင်းပြည်နယ်တောင်ပိုင်းကို ကုန်သွယ်ရေးလမ်းကြောင်းက ဒီတကြောင်းပဲ ရှိတော့တာဗျ။အဲ့နေရာကိုအဓိကပိတ်ချင်တာလို့သုံးသပ်တယ်”လို့ ထီးလင်းမြို့နယ်တော် လှန်ရေး တပ်တွေနဲ့နီးစပ်သူက ပြောပါတယ်။
ဒီကနေ့(ဇူလိုင် ၁၉ ရက်)မနက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းက ကြီးရွာကနေထွက်လာပြီး ရွှေအောင်သာ ကျေးရွာကို ဦးတည်လာပြီလို့လည်း အသိပေးပါတယ်။
“မနေ့ကညက ကြီးရွာကို မရောက်ခင်မှာ မိအယ်ရွာနဲ့ လယ်ဆောရွာကြားမှာ ထိတွေ့မှုဖြစ်တယ်။ထိတွေ့ကတော့ နေတိုင်းဖြစ်တယ်။ရွှေအောင်သာတော့ မရောက်သေးဘူး”လို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က တပ်မတွေနဲ့ စကခ(စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ၅ ခုက ထုတ်နှုတ်အင်အား ၃,၀၀၀ ၀န်းကျင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းကို မေလ ဒုတိယပတ်ကစပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
အထိနာနေတဲ့ စစ်တပ်ဟာ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေအပြင် ချင်းတောင်ပိုင်းနဲ့ မကွေးတိုင်း ယောဒေသ ဆောနဲ့ထီးလင်းမြို့နယ်က ကုန်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ဖို့ ကြိုးစားနေတာလို့ တော်လှန်ရေးရဲဘော်တွေက သုံးသပ်ဖြစ်ါတယ်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲမှာ စစ်တပ်က ထိခိုက်သေဆုံးမှုများပြီး ဒဏ်ရာရသူ ၃၀၀ ကျော်ကို လေယာဉ်နဲ့ ပြန်သယ်သွားရတယ်လို့ တော်လှန်ရေးတပ်နဲ့ နီးစပ်တဲ့ ဒေသခံ သတင်းရင်းမြစ်က ပြောထားပါတယ်။
ချင်းတောင်က တိုက်ပွဲ ၁လခွဲကျော်အတွင်း တော်လှန်ရေးပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ပြီး စစ်ကတပ်အင်အား ရာချီထိခိုက်သေဆုံးသလို စစ်သုံ့ပန်းတွေဖမ်းမိတာ၊ လက်နက်ခဲယမ်းတွေ သိမ်းရတာတွေရှိတယ်လို့ ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်အသိပေးထားပါတယ်။

















































