Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖရိကမှာ ပိုမိုပူပြင်းလာလို့ ကုလားအုတ်တွေပါ သေဆုံး

အာဖရိကတိုက်ရဲ့ အပူချိန် မြင့်တက်လာမှုကြောင့် သဲကန္တာရတွေမှာ ရှင်သန်ကျက်စားနိုင်တဲ့ ကုလားအုတ်တွေတောင် တောင့်မခံနိုင်ဘဲ သေဆုံးကုန်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

အာဖရိကတိုက်ရဲ့ အပူချိန် မြင့်တက်လာမှုကြောင့် သဲကန္တာရတွေမှာ ရှင်သန်ကျက်စားနိုင်တဲ့ ကုလားအုတ်တွေတောင် တောင့်မခံနိုင်ဘဲ သေဆုံးကုန်ကြောင်း သိရပါတယ်။

ကုလားအုတ် ဆိုတာက သဲကန္တာရရဲ့ သင်္ဘောတွေလို့ တင်စားခံရလောက်အောင် အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲမှာ ရေကို သိုလှောင်ထားပြီး ရက်ပေါင်းများစွာ ရေမသောက်ဘဲ ခရီးပြင်းနှင်နိုင်တဲ့ အစွမ်းမျိုးလည်း ရှိပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အာဖရိကတိုက်ရဲ့ အပူချိန် အရမ်းမြင့်မားလာတဲ့ အခြေအနေမှာ အဲဒီလို ဒူပေနာပေ ခံနိုင်လွန်းတဲ့ ကုလားအုတ်တွေတောင် သေဆုံးတာတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

အီသီယိုးပီးယားရဲ့ အဖာဒေသဟာ ကမ္ဘာပေါ်မှာ အပူဆုံး နေရာတစ်ခုလို့ ရည်ညွှန်းခံရပါတယ်။ အဲဒီဒေသမှာ စီးပွားဖြစ် ကုလားအုတ် မွေးမြူသူ အလီအူမာက အပူဓာတ်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပိုပိုပြီး ဆိုးလာနေတယ်လို့ ပြောပါတယ်။ သူ့ကုလားအုတ်တွေ ပူလွန်းတဲ့ ရာသီဥတုကြောင့် သေဆုံးကုန်တာကို အူမာတစ်ယောက် ကြေကြေကွဲကွဲ မြင်နေရပေမယ့် ဘယ်လို ကူညီရမှန်း မသိနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နေပူချိန် ပြင်းလာတာနဲ့အမျှ သဲတွေကလည်း ပူပြင်းလာပြီး ကုလားအုတ်တွေရဲ့ ခြေထောက်တွေပါ အပူလောင်ကုန်ပါတယ်။ လွန်ခဲ့တဲ့ တစ်လတည်းမှာတင် သူဟာ ကုလားအုတ် ၈ ကောင်ကို အပူဒဏ်ကြောင့် ဆုံးရှုံးခဲ့ပါတယ်။

အရင်ကဆိုရင် လေပြေလေးတွေ တိုက်ခတ်တဲ့ အချိန်လောက်မှာ အပူဒဏ် သက်သာသွားလေ့ ရှိပေမယ့် အခုတော့ လေတွေကပါ လေပူတွေ ဖြစ်ကုန်ကြောင်း သူက ညည်းညူခဲ့ပါတယ်။

လွန်လွန်ကျွံကျွံ ပူပြင်းတဲ့ ရာသီဥတုဟာ ကုလားအုတ်တွေကို စိတ်ဖိစီးမှု၊ ရေဓာတ်ခန်းခြောက်မှု၊ မောပန်းနွမ်းနယ်မှုနဲ့ သေစေနိုင်လောက်တဲ့ ရောဂါတွေပါ ဖြစ်ပေါ်စေတတ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အပူချိန် မြင့်လာလေလေ ရေတွေ ခန်းခြောက်တာ၊ စိုက်ခင်းတွေနဲ့ အရိပ်ရ အပင်တွေ ပြုန်းတီးကုန်တာတွေ ဖြစ်ကုန်တာကြောင့် ရှင်သန်နေထိုင်ရေးအတွက် ပိုပြီးတော့တောင် ခက်ခဲ ကြမ်းတမ်းလာနိုင်တယ်လို့ ဆိုပါတယ်။

မြောက်အာဖရိကနဲ့ အာဖရိက ဦးချိုဒေသတွေဟာ ကမ္ဘာပေါ်မှာရှိသမျှ ဘို့တစ်လုံး ကုလားအုတ်တွေ မှီတင်းနေထိုင်တဲ့ ဒေသတွေ ဖြစ်ပါတယ်။ အဲဒီဒေသမှာရှိတဲ့ မွေးမြူရေး လုပ်ငန်းရှင်တွေဟာ အပူဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ကုလားအုတ်တွေကို တခြားတိရစ္ဆာန်တွေထက်ပိုပြီး အလေးထား မွေးမြူကြပါတယ်။

ဒါပေမဲ့ မကြာသေးခင်က ပြုလုပ်တဲ့ လေ့လာဆန်းစစ်ချက်တွေအရ ကမ္ဘာ့အပူချိန် မြင့်တက်မှု ပြဿနာဟာ ကုလားအုတ်တွေရဲ့ ကျန်းမာရေး၊ မျိုးပွားနှုန်းနဲ့ တခြားအခြေအနေတွေကိုပါ ထိခိုက်စေကြောင်း တွေ့ရှိလာပါတယ်။

အီသီယိုးပီးယားမှာ ၂၀၂၅ ခုနှစ်တုန်းက ကောက်ယူခဲ့တဲ့ လေ့လာမှု တစ်ခုအရလည်း အပူချိန် မြင့်တက်လာခြင်းနဲ့ ရာသီဥတု အပြောင်းအလဲတွေကြောင့် ကုလားအုတ်တွေရဲ့ ကျန်းမာရေး ထိခိုက် ကျဆင်းလာတာကို တွေ့ရပါတယ်။ အိမ်နီးချင်း ဆိုမာလီယာမှာလည်း ကုလားအုတ် မွေးထားတဲ့ အိမ်ထောင်စုတွေရဲ့ ၄၆ ရာခိုင်နှုန်းလောက်ဟာ မိုးခေါင်မှု၊ ပူပြင်းမှုတွေကြောင့် သူတို့ရဲ့ တိရစ္ဆာန်တွေကို ဆုံးရှုံးခဲ့ရကြောငး သိရှိရပါတယ်။ မြောက်ပိုင်းက ဆူးလ်ဒေသမှာတော့ အပူဒဏ်ကြောင့် ကုလားအုတ်တွေ သေဆုံးမှုဟာ သာမန်ထက် ၇၃ ရာခိုင်နှုန်းလောက်ထိ ပိုမို မြင့်မားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်အပါအဝင် ဒေသခုနစ်ခုမှာ နေ့အပူချိန်တွေ ဆက်လက်မြင့်တက်နိုင်ပြီး လေပြင်း ဘေးအန္တရာယ်ကိုလည်း သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)က သတိပေးပါတယ်။

သတင်း

မကွေးတိုင်းကမြို့တွေမှာ အပူချိန်မြင့်တက်နေမှုကြောင့် ၂၄နာရီအတွင်း သက်ကြီးပိုင်း ၂ဦး ဦးနှောက်သွေးကြောပြတ် သေဆုံးပြီး သက်ကြီးပိုင်းတစ်ဦးလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

နိုင်ငံတကာ

မြန်မာ့ ရှပ်အင်္ကျီပြာ လှုပ်ရှားမှုမှာ ဗြိတိန်နိုင်ငံက Africa House London အဖွဲ့ ဥက္ကဋ္ဌ ရစ်ချတ်ဆမ်မီတီဂိုလည်း ပူးပေါင်း ပါဝင်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။