Connect with us

Hi, what are you looking for?

ဆောင်းပါး

အယ်လ်နီညို အပြင်းထန်ဆုံးအဆင့် မရောက်သေးတာ​တောင် အပူချိန် မြင့်တက်မှု စံချိန်သစ်တွေထပ်တင်နေ

စူပါအယ်လ်နီညို​ကြောင့်နှစ်ပေါင်း ၁,၀၀၀အတွင်းကမ္ဘာကြီးမှာအပြင်းထန်ဆုံးအပူလှိုင်းဖြတ်မှုဖြစ်နိုင်ကြောင်းပညာရှင်​တွေခန့်မှန်း

People’s Spring

ကမ္ဘာပေါ်မှာလက်ရှိကြုံတွေ့နေတဲ့အယ်လ်နီညိုအပူလှိုင်းဖြတ်မှုဟာအမြင့်ဆုံးအဆင့် (peak) အခြေအနေ မရောက်သေးတာတောင် အပူဒဏ်နဲ့ ပတ်သက်လို့ စံချိန်ဟောင်းတွေကို ဆက်တိုက် ချိုးဖျက်နေကြောင်း မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

“အံ့ဩတုန်လှုပ်စရာကောင်းလောက်အောင် ပြင်းထန်တယ်”လို့တချို့မိုးလေဝသပညာရှင်တွေကရည်ညွှန်းပြီးတချို့ကတော့ ‘ဂေါ်ဇီလာ အယ်လ်နီညို’လို့တင်စားသုံးနှုန်းတဲ့အပူလှိုင်းဖြတ်မှု ဖြစ်စဉ်ဟာအမြင့်ဆုံး၊အပြင်းထန်ဆုံး အခြေအနေကိုရောက်လာဖို့ လအတော်ကြာလိုပါသေးတယ်။ အဲဒီလို အမြင့်ဆုံး အဆင့်ကိုမရောက်သေးတာတောင်မှ အယ်လ်နီညိုဒဏ် အဓိက သက်ရောက် ခံစားရတဲဲ့ နယ်မြေတွေမှာ အပူချိန်အမြင့်ဆုံး စံချိန်အသစ်တွေကို တင်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးတိုင်းတာရရှိမှုတွေအရပစိဖိတ် သမုဒ္ဒရာထဲက အယ်လ်နီညို အားအကောင်းဆုံး ဇုန်တွေမှာ အပူချိန် မြင့်တက်နှုန်းဟာ ၃.၀၅ ဒီဂရီ ဆဲလ်ဆီးရပ်စ် တိုးလာနေပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက စံချိန်တင်ခဲ့ဖူးတဲ့အပူချိန်တိုးနှုန်း ၃.၀၂ ဒီဂရီဆဲလ်ဆီးရပ်စ်ကို ကျော်လွန်သွားတာ ဖြစ်ပါတယ်။ ပြီးတော့နှစ်ပေါင်း၁၅၀အတွင်းသိပ္ပံနည်းကျတိုင်းတာရရှိဖူးသမျှအမြင့်ဆုံးအပူချိန်လည်း ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

မိုးလေဝသ ပညာရှင်တွေက ကမ္ဘာ့အပူချိန်ကို တိုင်းတာတဲ့ အခါမှာ လူလုပ် သက်ရောက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အပူချိန် ပမာဏတိုးမှုကိုပါထည့်သွင်းတွက်ချက်ကြပါတယ်။ ONIလို့ အတိုကောက် ခေါ်ဝေါ်တဲ့ အဲဒီလူလုပ်အပူချိန် မြင့်တက်မှု ညွှန်ကိန်းကလည်း စံချိန်သစ်တင်ဖို့ အရမ်းနီးကပ်နေပြီး ၂၀၁၅ ခုနှစ် စံချိန်ဟောင်းထက်၀.၀၁ ဒီဂရီဆဲလ်ဆီးရပ်စ်ပဲ နိမ့်ပါတော့တယ်။

ပညာရှင်တချို့ကတော့ကမ္ဘာပေါ်မှာအယ်လ်နီညိုဖြစ်စဉ်တွေ အခါအားလျော်စွာကြုံရတတ်ပေမယ့် လက်ရှိအခြေအနေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀အတွင်းကမ္ဘာကြီးမှာအပြင်းထန်ဆုံးအပူလှိုင်းဖြတ်မှုဖြစ်နိုင်ကြောင်း ပြောပါတယ်။မိုးလေဝသနဲ့ရာသီဥတုကြောင့်ကမ္ဘာ့အပူချိန် မြင့်တက်လာတာကို လူသားတွေရဲ့စနက်ကြောင့် ပိုပြီး အပူဖြည့်ပေးသလိုလည်း ဖြစ်နေပါတယ်။အဲဒီအခြေအနေနှစ်ခု ပေါင်းစပ်သွားတဲ့အခါ လာမယ့် ၂၀၂၇ ခုနှစ်ဟာ ကမ္ဘာပေါ်မှာကြုံဖူးသမျှ အပူချိန် မှတ်တမ်းဟောင်းတွေကို ချိုးဖျက်ပြီး အပူဆုံးနှစ် ဖြစ်လာဖို့ တာစူနေတယ်လို့လည်း သိရပါတယ်။

ရုပ်ကြွင်းလောင်စာတွေအလွန်အကျွံသုံးစွဲမှုကနေထွက်ပေါ်လာတဲ့အပူကလည်းကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကိုပိုမို ဆိုးရွားစေပြီးလူသားတွေရဲ့အသက်ကိုပါ ရေရှည်မှာ ခြိမ်းခြောက်လာနေပါတယ်။အယ်လ်နီညိုကတော့အဲဒီ ခြိမ်းခြောက်မှုကိုမီးစာထပ်ဖြည့်ပေးနေတယ်လို့ Guardian သတင်းဌာနရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အယ်ဒီတာ ဒေမီယန် ကာရင်တန်က သူ့ရဲ့ ဆောင်းပါးထဲမှာ သတိပေး ရေးသားထားပါတယ်။

ရာသီဥတုအခြေအနေကကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုတွေကို လေ့လာနေတဲ့ သုတေသီ ဇီကီ ဟော့စ်ဖာသာက ၁၉၉၇-၉၈၊ ၂၀၁၅-၁၆ ပြင်းထန်အယ်လ်နီညို ဖြစ်စဉ်နှစ်ခုကြောင့်ကမ္ဘာအနှံ့မှာဒေါ်လာဘီလီယံပေါင်း ရာနဲ့ချီတဲ့ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ဖူးကြောင်း၊လက်ရှိ အယ်လ်နီညိုရဲ့ သက်ရောက်မှုတွေက အဲဒီနှစ်တွေထက် ကျော်တက်သွားပြီးပြီလို့ ယုံကြည်ရကြောင်း ပြောပါတယ်။

ဥရောဟာအယ်လ်နီညိုဂယက်ကြောင့်အလွန်အကျွံပူပြင်းတဲ့နွေရာသီကိုကြုံတွေ့ဖြတ်သန်းခဲ့ရပါတယ်။လောလောဆယ်အင်ဒိုနီးရှားမှာ တောမီးတွေ လောင်ကျွမ်းနေပြီး လူ့အသက်တွေကိုပါ ခြိမ်းခြောက်နိုင်တဲ့လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။အိန္ဒိယမှာတော့ စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် အင်မတန် အရေးကြီးတဲ့ မုတ်သုံမိုး ရွာသွန်းမှုဟာ ကျရိပ်ပြလာနေပါတယ်။ အမေရိကန် အလယ်ပိုင်းနဲ့ ကာရေဘီယန် ဒေသတွေမှာ မိုးခေါင်ပြီးသီးနှံတွေပျက်စီးနေသလိုပနားမား တူးမြောင်းမှာ ရေစူးအနက် လျော့ကျလာလို့ ကုန်သွယ်ရေး နှေးကွေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အဖွဲ့ကလည်း အယ်လ်နီညို ဂယက်ကြောင့် လူပေါင်း သန်း ၅၀ လောက်ဟာ စားနပ်ရိက္ခာ မဖူလုံတဲ့ဒဏ် အပြင်းအထန် ခံစားရပြီး အစားအသောက်စျေးတွေမြင့်တက်လာနိုင်ကြောင်း ဩဂုတ်လမှာ သတိပေးထားပါတယ်။

အယ်လ်နီညိုဟာ အပူချိန် လွန်လွန်ကဲကဲ မြင့်တက်စေပေမယ့် တချို့ဒေသတွေမှာတော့ မိုးသည်းသည်းထန်ထန် ရွာပြီး ရေကြီးမှုတွေ ပိုဆိုးလာအောင် ပြောင်းလဲ သက်ရောက်စေပါတယ်။တောင်အမေရိက ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ပီရူးနဲ့ ချီလီတို့ဟာ အယ်လ်နီညိုကြောင့်ဖြစ်တဲ့ ရေကြီးမှုတွေနဲ့ ရုန်းကန်နေရပြီး အာဖရိက ဦးချိုဒေသမှာလည်း မိုးသည်းသည်းမည်းမည်း ရွာချတာတွေ ပိုဆိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန် အမျိုးသား လေထုလေ့လာရေးဌာန ပါမောက္ခ ကီဗင် ထရန်းဘက်သ်ကတော့ ဥရောပ၊ မြောက်အမေရိကနဲ့ အာရှတိုက်တွေ အပါအဝင် ကမ္ဘာ့မြောက်ခြမ်း ဒေသတွေမှာ အယ်လ်နီညိုကြောင့်နွေရာသီအပူချိန် အလွန်အမင်းမြင့်တက်လာတာ၊တောမီးလောင်ကျွမ်းမှုတွေ ပိုဆိုးလာတာတွေဟာ ရှေ့ဆက် ကြုံလာဦးမယ့်အခြေအနေဆိုးတွေရဲ့ အစလောက်သာ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ကိုးကား-The Guardian
ဓါတ်ပုံ-Guardian ၊ Getty ၊AFP

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဆောင်းပါး

“လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀အတွင်းဒီအဆင့်အထိ ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်မျိုးမတွေ့ဖူးသေးပါဘူး”ဟုအမေရိကန်ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဇီးခ် ဟောက်စ်ဖက်သာ(Zeke Hausfather)ကသုံးသပ်ထားပါတယ်။

ဆောင်းပါး

“လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ခံနေရပြီးသား သစ်တောတွေမှာ မိုးရာသီ နောက်ကျသွားရင် ‘ဂေါ်ဇီလာ’ လို့ တင်စားခေါ်ဝေါ်တဲ့ အလွန်ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ပါတယ်။”

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

Facebook