ဇူလိုင် ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇူလိုင် ၂၈ရက်မနက်ပိုင်းမှာ KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့က ရဲစခန်းနေရာအနီးနဲ့ ဆေးရုံနေရာဝန်းကျင်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောကြားတာပါ။
” အခု ဖြစ်စဉ်က မဘိမ်းပဲ မဟုတ်ပါဘူး။ ရှမ်းမြောက် မှာ ရှိနေတဲ့ KIAကို လေကြောင်းကနေ ဖိအားပေးတာ စတင်တိုက်ခိုက်တဲ့ အနေအထားလို့ မြင်ပါတယ်”လို့ ရှမ်းမြောက်ဒေသ စစ်ရေးလေ့လာသူက ပြောပါတယ်။

Public Service Announcement
ရှမ်းမြောက်အခြေစိုက် တအာင်း TNLA ၊ ကိုးကန့် MNDAA တပ်တွေဟာ စစ်အုပ်စုနဲ့ အပစ်ရပ်စဲထားသလို ရှမ်းတပ် SSPPကလည်း စစ်အုပ်စုနဲ့ ဆွေးနွေးဘက်ဖြစ်နေတာကြောင့် စစ်ကောင်စီ ရဲ့ ရန်သူဟာ ရှမ်းမြောက်မှာ KIA တပ်တခုတည်းသာ ကျန်နေတဲ့ အခြေအနေဖြစ်တယ်လို့ သူက ပြောပါတယ်။
ကျန်တိုင်းရင်းသားတပ်တွေ စစ်ကောင်စီနဲ့ အပစ်ရပ်စဲလိုက်တာဟာ ရှမ်းမြောက်မှာရှိတဲ့KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် အခက်အခဲများစွာ ရှိလာနိုင်ကြောင်း ပြောပါတယ်။
” ဒါတွေကိုတော့ KIA တောင်ပိုင်းတိုင်းဘက်ကလည်း လိုအပ်တာတွေ ကြိုတင်ပြီးတော့ပြင်ဆင်ထားပြီးသားဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အကြမ်းဖက်စစ်တပ်က လေကြောင်းဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်လာနိုင်ပါတယ်။ ဒေသခံ ပြည်သူများ အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်း သတင်းအထူးသတိပြု နေထိုင်ဖို့တိုက်တွန်းချင်ပါတယ်”လို့ စစ်ရေးလေ့လာသူက ပြောပါတယ်။
KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် ရှမ်းမြောက်အခြေစိုက် တပ်တွေကတော့ တပ်မဟာ(၄)၊ တပ်မဟာ(၆)၊ တပ်မဟာ(၁၀) တို့ ဖြစ်ပြီး တပ်မဟာ(၁၁)ကတော့ ရှမ်းမြောက်နဲ့ ကချင်နယ်စပ်မှာ ရှိပါတယ်။ KIA တပ်မဟာ(၄) အောက်မှာ တပ်ရင်း(၈)၊ တပ်ရင်း(၃၄) တပ်တွေရှိပြီး တပ်မဟာ(၆)အောက်မှာ တပ်ရင်း(၉)၊ တပ်ရင်း(၃၆)၊ တပ်ရင်း(၃၈) တပ်တွေရှိပါတယ်။
တပ်မဟာ(၁၀) အောက်မှာတော့ တပ်ရင်း(၂)နဲ့ တပ်ရင်း(၁၇) တပ်တွေရှိတာပါ။ KIAတပ်တွေဟာ ရှမ်းမြောက် န့မ်ဖက်ကာ ၊ မဘိမ်း၊ မိုးမိတ်၊ မိုင်းမော၊ မုံးကိုး၊ မုံးပေါ် ၊ မုံးစီးဒေသတွေမှာ စစ်ရေးလှုပ်ရှားလျက်ရှိပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကိုးကန့်၊ တအာင်းတပ် တွေနဲ့ အပစ်ရပ်စဲမှု မလုပ်ဆောင်ခင်ကလည်း အဲဒီတပ်တွေ ထိန်းချုပ်ရာ နယ်မြေတွေကိုလေကြောင်း စစ်ဆင်ရေး အပြင်းအထန်ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
” လက်ရှိအနေအထားအရတော့ စစ်ကောင်စီက MNDAAနဲ့ TNLA ကို အပစ်ရပ်ပြီးမှ ရှမ်းမြောက်အခြေစိုက် KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဖြတ်လေးဖြတ် နည်းလမ်းဗျူဟာတွေနဲ့ စတင်ဖိအားပေး တိုက်ခိုက်လာနေပြီလို့ မြင်ပါတယ်”လို့ စစ်ရေးလေ့လာသူက ပြောပါတယ်။
ဒါ့အပြင် ရှမ်းမြောက်ဒေသခံတွေနဲ့ သတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ စစ်ကောင်စီဟာ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ သိန္နီ၊ ကွမ်းလုံ၊ ကွတ်ခိုင်မြို့နယ်တွေကို သူ့ရဲ့အုပ်ချုပ်ရေး ပြန်လည်နေရာချထားဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
” ဒီဩဂုတ်လ နောက်ဆုံးပိုင်းမှာ သိန္နီ၊ ကွမ်းလုံ၊ကွတ်ခိုင်ဘက်ကို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ဝင်ရောက်လာမယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်”လို့ ရှမ်းမြောက်စစ်ရေးလေ့လာသူက ပြောကြားပြီး စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။
အရင်ကလည်း ကိုးကန့်တပ်ဟာ စစ်တပ် တိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတဲ့ လားရှိုးမြို့ကို စစ်တပ်ထံ ပြန်လွှဲပေးခဲ့သလို တအာင်းတပ်ဟာလည်း အပစ်ရပ်စဲရေး သဘောတူညီချက်နဲ့အတူမိုးကုတ်၊ မိုးမိတ်မြို့တွေကို စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရဖူးပါတယ်။
လက်ရှိမှာ တအာင်းတပ်နဲ့ စစ်တပ် တို့ နေပြည်တော်မှာ ဆွေးနွေးထားပြီးဖြစ်သလို ဩဂုတ်လထဲမှာလည်း ကိုးကန့်တပ်နဲ့ နေပြည်တော်မှာ ဆွေးနွေးမှု ရှိလာမယ်လို့ သတင်းတွေထွက်နေပါတယ်။
စစ်အုပ်စုဟာ ရက်တရာငြိမ်းချမ်းရေးလမ်းစဉ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ လက်နက်ကိုင်တပ်အချို့ကိုနေပြည်တော်ကို ဖိတ်ခေါ်ဆွေးနွေးနေတာဖြစ်ပါတယ်။
တဖက်မှာလည်း KIO/KIAအပါအဝင် စစ်တပ်ကိုတိုက်ခိုက်နေတဲ့ အဓိက တော်လှန်ရေးအဖွဲ့တွေနဲ့စုစည်းထားတဲ့ ဖက်ဒရယ်ဒီမိုကေရစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ဟာလည်း စစ်တပ်ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်တိုက်တွေ့ဆုံဆွေးနွေးကာ နိုင်ငံရေးဆိုင်ရာ အပါအဝင် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ထားပါတယ်။
















































