Connect with us

Hi, what are you looking for?

ဆောင်းပါး

“သမိုင်းတခုကိုပြောပြနေတဲ့ ကမ္ဘာ့အဆိုးဆုံး view ဟိုတယ်”

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

– အေးခိုင်ဦး ရေးသားသည်။

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

ပင်လယ်နားမှာဆို sea view၊တောင်တန်းနားမှာဆို mountain view ၊ ကန်နားမှာဆို Lake viewစတာတွေက အခန်းဈေးနှုန်းပိုမြင့်ကြတာအားလုံးအသိပါ။ဟိုတယ်ကြော်ငြာရင်ဝန်ဆောင်မှုအပြင် view ကိုပါကြော်ငြာကြရတာမျိုး။ ဒီ‌နေ့တော့view ကောင်းတဲ့ မြင်ကွင်းလှတဲ့ ဟိုတယ်တွေအကြောင်းမပြောပဲ “ကမ္ဘာ့ view အဆိုးဆုံးဟိုတယ်” ဆိုပြီး ဟိုတယ် ပိုင်ရှင်ကိုယ်တိုင်က ကြော်ငြာတဲ့ ဟိုတယ်တလုံး အကြောင်းကိုပြောကြရအောင်။

အဲ့ဒီ ဟိုတယ်ရဲ့ နာမည်က The Walled Off Hotel လို့ ခေါ်ပါတယ်။နံရံတံတိုင်းနဲ့ ကာထားတဲ့ ဟိုတယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘယ်မှာရှိတာလဲဆိုတော့ ကမ္ဘာ့အကြီးဆုံး “လေဟာပြင် အကျဉ်းထောင်”လို့ တင်စားခေါ်ကြတဲ့နေရာထဲမှာ ရှိပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဟိုတယ်အ‌ကြောင်းကို ပြောမယ်ဆိုရင် အစ္စရေးနဲ့ ပါလက်စတိုင်း ခွဲခြားရေးတံတိုင်းကြီး (Separation Wall) ကိုအရင်ပြောကြရမှာပါ။

၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ တည်ထောင်ပြီးနောက် ၁၉၄၉ ခုနှစ်မှာ အစ္စရေးနဲ့ အာရပ်နိုင်ငံတွေကြား အပစ်အခတ်ရပ်စဲရေးမျဉ်းတွေ သတ်မှတ်ခဲ့ပြီး၊ အစ္စရေးနဲ့ ဂျော်ဒန်ကြားမျဉ်းကိုအစိမ်းရောင်မျဉ်း (Green Line)လို့ခေါ်လာပါတယ်။ ၁၉၆၇ ခုနှစ် စစ်ပွဲအပြီးမှာ အစ္စရေးက အနောက်ဘက်ကမ်းအရှေ့‌ ဂျေရုဆလင်နဲ့ ဂါဇာတို့ကို ထိန်းချုပ်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ အစ္စရေးအစိုးရက အနောက်ဘက်ကမ်းတစ်လျှောက် ခွဲခြားရေးတံတိုင်း (Separation Wall) ကိုစတင်တည်ဆောက်ခဲ့ပြီး၊ အဲဒီ တံတိုင်းဟာ Green Line နဲ့ တစ်ထပ်တည်းမဟုတ်ဘဲ အနောက်ဘက်ကမ်းအတွင်း ပါလက်စတိုင်းမြေထဲထိ ဝင်ပြီးဆောက်ခဲ့တယ်။အပြည်ပြည်ဆိုင်ရာတရားရုံးကနိုင်ငံတကာဥပဒေနဲ့ မကိုက်ညီဘူးလို့ သတ်မှတ်ထားတဲ့ အဲဒီ Separation Wall ဟာ မိုင် ၄၀၀ ကျော် ရှည်လျားပြီး၊ အချို့နေရာတွေမှာ ၂၆ပေခန့်အထိ မြင့်ပါတယ်။စစ်ဆေးရေးဂိတ်တွေ၊ လုံခြုံရေးစောင့်ကြည့်မျှော်စင် တွေနဲ့ တံတိုင်းတွေကြောင့် ပါလက်စတိုင်းတွေရဲ့ သွားလာနေထိုင်မှုကို အလွန်အမင်း ကန့်သတ်ထားပြီး၊ ဝေဖန်သူတွေကတော့ ဒီအခြေအနေကို “ကမ္ဘာ့အကြီးဆုံး လေဟာပြင်အကျဉ်းထောင်” လို့ တင်စား ခေါ်ဆိုကြပါတယ်။

အခုဟိုတယ်အကြောင်းကို မပြောခင် ဟိုတယ်ပိုင်ရှင်အကြောင်းကို အရင်ပြောကြရ‌အောင် ။ သူ့နာမည်က ဘန်စီ( Banksy)။ အင်္ဂလန်နိုင်ငံသား။ဒါပေမယ့် သူနာမည်ရင်းအပြည့်အစုံကဘယ်သူ၊ သူကဘယ်သူဖြစ်တယ်ဆိုတာကိုတော့ အခုထိ တရားဝင်မသိကြရသေးပါဘူး။သူကဂရပ်ဖီတီရယ်ပုံစံခွက်တွေရယ်သုံးပြီးရေးဆွဲတဲ့အနုပညာနည်းတွေနဲ့လူမှုရေး၊နိုင်ငံရေး၊စစ်ပွဲအကြောင်းတွေကို သရော်ဝေဖန်ဖော်ပြတဲ့ ကမ္ဘာကျော် လမ်းပေါ်အနုပညာရှင်တယောက်ပါ။

၂၀၀၅ ခုမှာ ဘန်စီဟာပါလက်စတိုင်းကို သွားခဲ့ပြီး အနောက်ဖက်ကမ်းဒေသက တံတိုင်းနံရံကြီးရဲ့ မျက်နှာပြင်မှာ ဂရပ်ဖစ်တီတွေဆွဲခဲ့တယ်။ အဲဒီကစပြီးခွဲခြားရေးနံရံတံတိုင်းကြီး (Separation Wall)ဟာဘန်စီနံရံလို့ ကျော်ကြားခဲ့တယ်။ ဂရပ်ဖစ်တီတွေ ဆွဲနေတုန်းမှာ အစ္စ‌ရေးစစ်သားတွေက သေနတ်ပစ်ဖောက်၊ သေနတ်နဲ့ချိန် ပြီး တားဆီးခဲ့ပေမယ့် ဘန်စီက ပန်းချီဆွဲတာ တရားမဝင်ဘူးဆိုရင် နံရံကြီးက ပိုလို့ တရားမဝင်တာဖြစ်တယ်ဆိုပြီး တားမြစ်တာကို လျစ်လျူရှုပြီး ဆက်ဆွဲခဲ့တယ်။ ဘန်စီဆွဲပြီးနောက်ပိုင်းမှာတော့ တခြား ပညာရှင်တွေပါ ဂရပ်ဖစ်တီဆွဲတဲ့နံရံကြီး ဖြစ်လာတော့တယ်။

Separation Wall ပေါ်ကဘန်စီရဲ့ကမ္ဘာ‌ကျော် လက်ရာနည်းနည်းကိုလည်း ဆက်ပြီး ကြည့်ကြရအောင်။ ဒါမှ The Walled Off Hotel ကို ပိုပြီးမြင်သာနိုင်ကြအောင်လို့ပါ။

ကလေးမလေးတယောက် မိုးပျံဗူဖောင်းတွေကိုဆွဲပြီး နံရံကြီးကို ကျော်ဖြတ်နိုင်ဖို့လုပ်‌နေတဲ့ပုံ။နယ်နိမိတ်အတားအဆီးတွေကို ကျော်လွှားချင်တဲ့ ဆန္ဒကို မြင်ရစေပါတယ်။

“နယ်နိမိတ်တွေရှိနေပေမယ့်လည်းမျှော်လင့်ချက်ကို မစွန့်လွှတ် လို့ မြင်ရတယ်။ ဂျေုရုဆလင်ကို သွားလိုတဲ့ ပါလက်စတိုင်းအများစု ဖြတ်သန်းသွားရတဲ့ အဓိကစစ်ဆေးရေးဂိတ်ဖြစ်တဲ့ Qalandia စစ်ဆေးရေးဂိတ်နားက နံရံပေါ်မှာဆွဲခဲ့တာပါ။

နောက်တခုကဆန္ဒပြသူတစ်ယောက်က ကျောက်ခဲ ဒါမှမဟုတ် Molotov ပုလင်းဗုံးမပစ်ဘဲပန်းစည်းကိုပစ်နေတဲ့ပုံ။ အကြမ်းဖက်မှုအစား ငြိမ်းချမ်းရေးကို ရွေးချယ်ကိုယ်စားပြု ဖော်ပြထားတယ်လို့ လူအများက သုံးသပ်ကြတယ်။ဒီပုံကို ၂၀၀၃ ခုနှစ်က Bethlehem မြို့ နံရံတံတိုင်းကြီးပေါ်မှာ ဆွဲခဲ့တာဖြစ်ပါတယ်။

သဲသောင်ပြင်မှာ ကလေး နှစ်ယောက်ဟာ သဲရဲတိုက်၊ ရေပုံး၊ ဂေါ်ပြားတို့နဲ့ ကစားနေပြီး သူတို့ရဲ့အပေါ်မှာတော့ နံရံကို ဖေါက်ထွင်းမြင်ရသလို မြင်ရတဲ့ ပင်လယ်ကမ်းခြေပုံ။ “သူတို့ လက်တွေ့မှာမမြင်နိုင်တဲ့မြေထဲပင်လယ်ဘက်က လွတ်လပ်တဲ့ကမ်းခြေတစ်ခုကို နံရံဖောက်ထွက်ပြီး မြင်နေရသလို” ပုံဖော်ပြီးဆွဲထားတဲ့ပုံပါ။

အခု ဟိုတယ်အကြောင်းကို ပြောကြပါမယ်။ ဘန်စီက The Walled Off Hotel ကို အနောက်ဖက်ကမ်း ဒေသBethlehemမြို့Caritas လမ်း ပေါ် separation wall နဲ့ ကပ်လျက်အနီးမှာ ၂၀၁၇ ကဖွင့်ခဲ့ပါတယ်။ ဟိုတယ်အပြင်ဘက်ကတည်းကBanksyရဲ့အနုပညာစတိုင်ကိုတွေ့ရပြီး သာမန်ဟိုတယ်တခုလို့ မခံစားရပါဘူး။ သူ့ရဲ့ဟိုတယ်ကို ဘန်စီက ကမ္ဘာ့ view အဆိုးဆုံးဟိုတယ်လို့ ကြော်ငြာခဲ့တာပါ။ ဟိုတယ်ကနေ အပြင်ကို ကြည့်လိုက်ရင် separation wall ကို ကပ်လျက်မှာ မြင်နေရလို့ပါပဲ။

တံတိုင်းနံရံကြီးက နီးကပ်နေလွန်းလို့ နံရံရဲ့ အရိပ်ကြောင့်ဟိုတယ်ရဲ့ အခန်းတွေမှာ တိုက်ရိုက်နေအလင်းရောင်ကို တနေ့မှာ ၂၅ မိနစ်လောက်ပဲရတယ်။ပါလက်စတိုင်းပြည်သူတွေဟာ အစ္စရေးရဲ့ နံရံအောက်မှာ အမြဲ နေ နေ ရမယ်ဆိုတဲ့ပြင်းထန်တဲ့သတိပေးချက်ကိုကမ္ဘာကိုသိစေဖို့ရည်ရွယ်တဲ့သဘောပါပဲ။

ဟိုတယ်ဝင်ပေါက်နားမှာဗြိတိသျှကိုလိုနီခေတ်ရဲ့အာဏာ၊အင်ပါယာနဲ့ ဇိမ်ခံဟိုတယ်ယဉ်ကျေးမှုကို ဟာသဆန်ဆန် ပြန်လှောင်ပြောင်ထားတဲ့ Bellboy ဝတ်စုံဝတ်ထားတဲ့ ချင်ပန်ဇီရုပ်တု တစ်ခုကို တွေ့ရပါလိမ့်မယ်။ သူ့ဘေးမှာလည်းခရီးဆောင်အိတ်တွေရှိပြီး အိတ်တွေထဲကပစ္စည်းတွေ ပြန့်ကျဲထွက်နေတဲ့ပုံစံမျိုး ။Lobby ထဲကို ဝင်လိုက်ပြီဆိုရင် ရှေးခေတ်ကိုလိုနီခေတ်ဟိုတယ်ပုံစံအပြင်အဆင်နဲ့ ဘန်စီရဲ့အနုပညာလက်ရာတွေ၊ သမိုင်းနဲ့ နိုင်ငံရေးအကြောင်းအရာတွေကို တစ်နေရာတည်းမှာ ပေါင်းစပ်မြင်ရပါလိမ့်မယ်။

ဟိုတယ်တခုထက် ပြတိုက်တခုထဲကို ဝင်လာသလိုမျိုးခံစားရစေမှာပါ။မျက်ရည်ယိုဗုံးတိမ်တိုက်ထဲမှာပျက်စီးနေတဲ့ ရှေးဂရိပုံစံပန်းပုရုပ်တုတစ်ခုကို ယဉ်ကျေးမှုနဲ့ အလှအပတွေရှိတဲ့ ကမ္ဘာမှာ အကြမ်းဖက်မှုကလည်း ရှိနေတယ်ဆိုတဲ့အနေနဲ့ ဖန်တီးပြထားပါတယ်။

ဟိုတယ်မှာအခန်း၁၀ခန်းပဲရှိပြီးအခန်းတိုင်းကို ဘန်စီရဲ့ လက်ရာတွေနဲ့ ဖန်တီးပြင်ဆင်ထားပါတယ်။ အခန်းတိုင်းက ပါလက်စတိုင်းနယ်‌မြေတွေ ကို အစ္စရေးနဲ့ ပိုင်းခြားထားတဲ့ တရားမဝင်ကွန်ကရစ်နံရံ တံတိုင်းကို မြင်ရစေပါတယ်။

“ရှုခင်းကြည့်လို့ကောင်းတဲ့အခန်းများ” (Scenic Rooms)ဆိုတာခွဲခြာရေးတံတိုင်းကြီး၊တံတိုင်းကြီးပေါ်ကအနုပညာလက်ရာတွေ၊ အစ္စရေးစစ်ဘက်ရဲ့ ကင်းမျှော်စင်ကို အခန်းထဲကနေ အပြည့်အဝမြင်နိုင်တဲ့အခန်းတွေပါ။လှပတဲ့ပင်လယ်မြင်ကွင်းလိုမျိုးမဟုတ်တဲ့ ပဋိပက္ခရဲ့ အမှတ်အသားတစ်ခုကို hotel view အဖြစ်ပြောင်းထားတဲ့ အခန်းတွေဖြစ်ပါတယ်။

Presidential Suite အခန်းကလည်း တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ အခန်းထဲမှာ ရေစိမ်ကန်၊ စာကြည့်တိုက်၊ အိမ်တွင်းရုပ်ရှင်ရုံ၊ အမိုးပေါ်ဥယျာဉ်၊ အပူပိုင်းဒေသပုံစံ ဘား တို့ ပါရှိတယ်။ ဟိုတယ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဒီအခန်းကို အကျင့်ပျက်ခြစားတဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက် နေထိုင်တဲ့အခန်းမျိုးအဖြစ်စိတ်ကူးပြီးဖန်တီးထားတယ်လို့ ဖော်ပြထားပါတယ်။

ကျည်ဆန်ရာတွေနဲ့ ရေတိုင်ကီကိုသုံးပြပြီးဇိမ်ခံမှုနဲ့ ပဋိပက္ခကို ယှဉ်ပြထားတယ်။ အပြင်မှာ လူတွေဟာ ပဋိပက္ခနဲ့ နေ့စဉ်ဘဝအခက်အခဲတွေကို ခံစားနေရချိန်မှာ၊ အာဏာရှိသူတွေကတော့ အဲဒီအခြေအနေတွေနဲ့ ကင်းကွာပြီး အလွန်အကျွံ ဇိမ်ခံဘဝကို နေထိုင်နိုင်ကြတယ်ဆိုတာကို ဘန်စီရဲ့အနုပညာနဲ့ ဖေါ်ပြထားတဲ့အခန်းပါ။

ပန်းချီလက်ရာအနည်းအကျဉ်းကို ကြည့်ကြမယ်ဆိုရင်အခန်းတခုရဲ့နံရံမှာအစ္စရေးစစ်သား နဲ့ မျက်နှာဖုံးစွပ်ထားတဲ့ ပါလက်စတိုင်းလူငယ် ရဲ့ ခေါင်းအုံးတိုက်ပွဲ ပန်းချီ။ သူတို့လက်ထဲမှာ သေနတ်မရှိဘူး။ ခေါင်းအုံးတွေပဲ ရှိတယ်။ သူတို့နားမှာ ခေါင်းအုံးထဲက အမွှေးတွေ လွင့်ပျံလို့။ ဘယ်သူမှ အနိုင်ရနေပုံမရှိဘူး။ရန်သူတွေအဖြစ်မဟုတ်ပဲသာမန်လူတွေအဖြစ်ပြန်မြင်‌စေဖို့ ပဋိပက္ခကို လူသားအမြင်နဲ့ သရုပ်ဖေါ်ထားတဲ့ပုံပါ။

တ‌နေရာမှာ တော်တော်လေး ပြင်းထန်တဲ့ပုံတပုံကိုလည်း တွေ့ရပါတယ်။နဖူးမှာစနိုက်ပါချိန်ထားတဲ့ target point ရာ နဲ့ ယေရှုပုံပါ။ “ခွင့်လွှတ်ခြင်း၊အနစ်နာခံခြင်း၊ငြိမ်းချမ်းရေး၊ မေတ္တာ ဆိုတဲ့ ယေရှု ရဲ့ သင်္ကေတ အဓိပ္ပာယ်” နဲ့ “စနိုက်ပါ၊ အကြမ်းဖက်မှု၊ သတ်ဖြတ်မှု” တို့ကို တစ်နေရာတည်းမှာ ထိပ်တိုက်ထားတာပဲ။ ခရစ်ယာန်ထုံးတမ်းစဉ်လာ အရ ဟိုတယ်တည်ရှိတဲ့ Bethlehem ဆိုတာ ယေရှု မွေးဖွားရာမြို့ပါ။ ငြိမ်းချမ်းရေးနဲ့ ဘာသာရေးအဓိပ္ပါယ်အလွန်ကြီးမားတဲ့နေရာမှာတောင် အကြမ်းဖက်မှုက ရှိနေတာကို ပြထားတဲ့ပုံပါ။

နောက်တပုံကကျည်ကာအင်္ကျီဝတ်ထားတဲ့ ချိုးငှက်။ချိုးငှက်ဆိုတာငြိမ်းချမ်းရေးရဲ့ သင်္ကေတ။ ငြိမ်းချမ်းရေးကိုတောင် အကြမ်းဖက်မှုကနေ ကာကွယ်ဖို့ ကျည်ကာ ဝတ်ထားရတဲ့ ကမ္ဘာလို့ ပြတဲ့ပုံပါ။

နောက်စိတ်ဝင်စားစရာတခုက ပြတိုက်။ ဟိုတယ်ထဲမှာ ပြတိုက်လည်း ရှိပါတယ်။ ဘန်စီရဲ့ပန်းချီတွေကိုပဲပြထားတာမဟုတ်ပဲ အစ္စရေး – ပါလက်စတိုင်းသမိုင်း နဲ့ ခွဲခြားရေးတံတိုင်းကြီး တို့ရဲ့ နောက်ခံသမိုင်းကြောင်းကိုရှင်းပြထားတဲ့ သမိုင်းပြပွဲအဖြစ် ဖန်တီးထားတာပါ။

ပန်းချီပြခန်းကတော့ ပြတိုက်နဲ့မတူပါဘူး။ ပန်းချီပြခန်းမှာ ဒေသခံပန်းချီအနုပညာရှင်တွေရဲ့ လက်ရာပန်းချီတွေကနေ သူတို့ရဲ့အမြင်၊ အခြေအနေ၊ အသံတွေကို သိနိုင်ရစေပါတယ်။

စန္ဒယားတီးရင်း အရက်သောက်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ထက် အများကြီးပိုတဲ့ Piano bar လည်းရှိပါတယ်။ဟိုတယ်ရဲ့တရားဝင် website မှာ “ကိုလိုနီခေတ်က အာဏာရှိသူတွေရဲ့ နေရာတစ်ခု” လို ခံစားရအောင် ဖန်တီးထားတယ်ဆိုတဲ့ သဘောမျိုးနဲ့ ဖော်ပြထားတာပါ။ The Walled Off Hotel တစ်ခုလုံးက ဗြိတိန်ရဲ့ပါလက်စတိုင်းအပေါ် သမိုင်းဝင်ထိန်းချုပ်မှုနဲ့ အဲဒီသမိုင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ပြန်စဉ်းစားစေဖို့ ဖန်တီးထားတဲ့ အနုပညာတစ်ခုပါ။ Piano Bar ကိုလည်း အဲဒီသမိုင်းကို ဇိမ်ခံဘားပုံစံနဲ့ တမင်ပြန်ဖန်တီးထားတာ ဖြစ်ပါတယ်။

ဟိုတယ်ကိုယ်တိုင်ကိုက အနုပညာလက်ရာတခုအဖြစ်မြင်ရပါတယ်။ဟိုတယ်အခန်းထဲကနေ ခွဲခြားရေး Separation wall ကို မြင်တယ်။ပြတိုက်ထဲမှာအဲဒီတံတိုင်းကြီးရဲ့သမိုင်းကြောင်းကိုလေ့လာလို့ရတယ်။ အနုပညာလက်ရာတွေက တံတိုင်းကြီး ကို နိုင်ငံရေးသင်္ကေတအဖြစ်ပြတယ်။ ပြီးတော့ အပြင်ထွက်လိုက်တဲ့အခါ အဲဒီ တံတိုင်းကြီး ကတကယ့်မျက်စိရှေ့မှာရှိနေတယ်။အနုပညာရယ် သမိုင်းကြောင်းရယ် တကယ်လက်တွေ့ရှိနေတာရယ်ကို တဆက်တည်းခံစားရစေတဲ့ နေရာတခုပါပဲ။

အနောက်ဘက်ကမ်း‌ဒေသမှာရှိတဲ့ မြို့အများစုက အစ္စရေးဧည့်သည်တွေအတွက် ကန့်သတ်နယ်‌မြေ တွေ ဖြစ်ပေမယ့် The Walled Off Hotel က အစ္စရေးရဲ့ ထိန်းချုပ်မှုအောက်ကအပိုင်းမှာ ရှိတာ ဖြစ်လို့အစ္စရေးဧည့်သည်တွေ ဟိုတယ်ကို လာရောက်နိုင်ပါတယ်။ ဒီဟိုတယ်ဟာ ဒေသခံတွေသာမက ကမ္ဘာအနှံ့က လာရောက်လည်ပတ်သူတွေအပေါ် အနုပညာကတစ်ဆင့် နိုင်ငံရေးအကြောင်းအရာ တွေကို ပြန်လည်တွေးတောစေဖို့၊ ပဋိပက္ခနဲ့ သမိုင်းကြောင်းတွေအပေါ် အသိအမြင်တစ်စုံတစ်ရာ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ဖန်တီးထားတဲ့ နေရာတစ်ခုလို့ မြင်နိုင်ပါတယ်။

ဟိုတယ်ကို စ ဖွင့်ချိန်ကတည်းကနေ ၂၀၂၃ အောက်တိုဘာမှာ အစ္စရေး – ဂါဇာ တကြော့ပြန်စစ်ပွဲကြောင့် ပြန်ပိတ်ထားရချိန်အထိ အမြဲတန်းအခန်းတွေပြည့်ပြီး fully booked ပါ။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နှစ်နှစ်ကျော်အကြာမှာ တော့ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ဓါတ်ပုံ-Guardian ၊ Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

နိုင်ငံတကာ

အမေရိကန်က ဗုံးကြဲနေတာတွေကို ရပ်နားထားသ၍ အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှု အားလုံးကို ဆိုင်းငံ့ထားမယ်လို့ အီရန်ဖက်က စကားကမ်းလှမ်းလာခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံတည်တံ့ရေးကို ဆက်လက်ထိန်းသိမ်း ကာကွယ်ဖို့အတွက် အမေရိကန်နဲ့ စစ်ခင်း တိုက်ခိုက်နေရကြောင်း အီရန် အစိုးရက ပြောကြားခဲ့ပါတယ်။