ခရီးရှည် ကမ္ဘာလှည့် ပြေးဆွဲနေတဲ့ ဇိမ်ခံ သင်္ဘောတစ်စီးပေါ် လိုက်ပါသွားတဲ့ ခရီးသည် ၂၀၀ လောက်ဟာ သင်္ဘောရဲ့ ခုတ်မောင်းမှု ဆိုင်းငံ့ထားမှုကြောင့် ကမ္ဘောဒီးယား နိုင်ငံမှာ သောင်တင်နေကြပါတယ်။
အမေရိကန် အခြေစိုက် Villa Vie Residences ကုမ္ပဏီက အီရန်စစ်ပွဲကြောင့် လောင်စာဆီစျေးတွေ အဆမတန် မြင့်တက်လာတဲ့အတွက် Villa Vie Odyssey သင်္ဘောရဲ့ ခရီးစဉ်ကို ဆိုင်းငံ့ထားမယ်လို့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
သင်္ဘောဟာ လောလောဆယ် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီဟာနွတ်ခ်ကို ရောက်ရှိနေပြီး အဲဒီနေရာမှာပဲ ခရီးသည် ၂၀၀ လောက်က သောင်တင်နေမယ့်သဘော ဖြစ်လာပါတယ်။ ကုမ္ပဏီကတော့ လောင်စာဆီဖိုး စရိတ်ထောင်းလို့ သင်္ဘောကို ဆက်လက် ခုတ်မောင်းစေဖို့ ငွေကြေး ပြတ်လပ်သွားပြီလို့ ပြောပါတယ်။
မီတာ ၂၀၀ ရှည်လျားတဲ့ သင်္ဘောဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတုန်းက မြောက်အိုင်ယာလန်ကနေ စတင်ထွက်ခွာလာပြီး ကမ္ဘာအနှံ့ကို လှည့်လည် ခုတ်မောင်းနေတာ ဖြစ်ပါတယ်။ ခရီးသည် ၆၅၀ လောက် လိုက်ပါနိုင်တဲ့ သင်္ဘောပေါ်မှာ အခန်းတွေကို ငှားရမ်းနိုင်သလို တစ်သက်တာအတွက် အပြီးဝယ်ယူလို့လည်း ရပါတယ်။

Public Service Announcement
ကမ္ဘောဒီးယားမှာတော့ သင်္ဘောပြေးဆွဲမှု ရပ်နားထားမယ့်အကြောင်းကို ခရီးသည် ၂၀၃ ဦးနဲ့ အမှုထမ်း ၁၅၆ ဦးဆီ ကုမ္ပဏီက ၇ နာရီလောက်ပဲ ကြိုတင် အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဘဟားမားစ်အလံ လွှင့်ထူထားတဲ့ သင်္ဘောဟာ ထိုင်းကနေ ကမ္ဘောဒီးယားကို ရောက်လာပြီး ဗီယက်နမ်ကို ခရီးဆက်ဖို့ ရည်ရွယ်ထားခဲ့တာပါ။
တချို့ခရီးသည်တွေဟာ ကမ္ဘာပတ် လှည့်လည်သွားလာဖို့အတွက် ရှိသမျှ အကုန်ရောင်းချပြီး သင်္ဘောပေါ်မှာ အခန်းဝယ်ထားခဲ့ကြပါတယ်။ ရုတ်တရက် အခုလို အခြေအနေ ကြုံတော့ ခရီးသည်တချို့ ရုတ်တရက် အိမ်ခြေရာမဲ့ ဖြစ်ကုန်သလို တချို့ သက်ကြီးရွယ်အိုတွေလည်း အိမ်နဲ့ မိုင်ထောင်ချီဝေးတဲ့ နေရာမှာ ဘာမှ ကြိုတင် စီစဉ်မထားဘဲ သင်္ဘောပေါ်က ဆင်းခဲ့ရပါတယ်။
လေယာဉ်စီးပြီး ပြန်သွားတဲ့ ခရီးသည်တွေ ရှိသလို မြို့ထဲမှာပဲ သောင်တင်နေသူတွေလည်း ရှိနေဆဲပါ။ သင်္ဘောကတော့ ဆီပြန်ဖြည့်ပြီးရင် အောက်တိုဘာ ၃၁ ရက်နေ့မှာ ထွက်ခွာဖို့ စီစဉ်ထားပါတယ်။
Villa Vie Odysseyဟာ ခရီးသည် ၆၅၀ စာ လက်မှတ်တွေ စီစဉ်ထားပေမယ့်လည်း ဘယ်တုန်းကမှ အဲဒီပမာဏ ပြည့်မီအောင် မရောင်းချခဲ့ရပါဘူး။ ခရီးသည် အများဆုံး လိုက်ပါတဲ့ အချိန်မှာတောင် ၃၅၀ ဝန်းကျင်လောက်သာ ရှိခဲ့ပါတယ်။
အာရှတိုက်မှာ လှည့်လည်မောင်းနှင်ရာမှာ အရင်က ဒေါ်လာ ၁၈၀၀ လောက်သာ လောင်စာဆီ စရိတ် ကုန်ကျခဲ့ရာကနေ အခုတော့ ဒေါ်လာ ၆၀၀၀ ကနေ ၈၀၀၀ လောက်ထိ မြင့်တက်သွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ခရီးသည်တွေကတော့ ဆိပ်ကမ်းမှာတင် သင်္ဘောပေါ်က ဆင်းခိုင်းခဲ့ပြီး ဘာအကူအညီမှ မပေးခဲ့တဲ့ ကုမ္ပဏီကို အပြင်းအထန် ပြစ်တင် ဝေဖန်ထားပါတယ်။ ကုမ္ပဏီကတော့ ကမ္ဘောဒီးယား ဒေသခံ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး ခရီးသည်တွေ ယာယီ တည်းခိုဖို့ အဆင်ပြေအောင် ကူညီ စီစဉ်ပေးနေကြောင်း ထုတ်ပြန်ထားပါတယ်။
ကိုးကား: AFP




















































