ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေ ညီလာခံမှာ အမေရိကန်နဲ့ ကျူးဘား နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ အော်ကြဟစ်ကြနဲ့ စကားအခြေအတင် ဖြစ်ခဲ့ကြပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့တုန်းက ညီလာခံမှာတော့ အမေရိကန်က ကျူးဘားအပေါ် ဆယ်စုနှစ်တွေနဲ့ချီ သတ်မှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖျက်သိမ်းပေးရေး အဆိုကို မဲမခွဲခင်မှာ နှစ်ဖက်ကြား ပြဿနာ တက်ခဲ့တာပါ။
အမေရိကန်ရဲ့ UN သံအရာရှိ မိုက်ခ်ဝေါ့ဇ်က သူ့ရဲ့ မိန့်ခွန်းမှာ ကျူးဘား အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကျူးဘား ခေါင်းဆောင်ဟောင်း ဖီဒယ်လ် ကက်စ်ထရိုဟာ ပြည်သူတွေရဲ့ လယ်ယာတွေ၊ အိုးအိမ်စည်းစိမ်တွေကို မတရား သိမ်းယူခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ ပြည်သူတွေ ဆင်းရဲနေချိန်မှာ ကျူးဘား ခေါင်းဆောင်တွေက လူထုရဲ့ ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ပြီး ချမ်းသာနေတယ်လို့ ဝေါ့ဇ်က ပြောပါတယ်။
ပြီးတော့ အမေရိကန်က ကျူးဘားအပေါ် အလုံးစုံ ပိတ်ဆို့ထားတယ် ဆိုတာဟာ ဝါဒဖြန့် စွပ်စွဲမှု တစ်ခုသာဖြစ်ကြောင်း၊ ကျူးဘားရဲ့ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍအတွက် လောင်စာဆီ အများဆုံး တင်သွင်းနေတဲ့ နိုင်ငံဟာ အမေရိကန်ဖြစ်ကြောင်း ဝေါ့ဇ်က ဆိုပါတယ်။

Public Service Announcement
ဝေါ့ဇ်ရဲ့ မိန့်ခွန်းကို ကျူးဘား အစိုးရ ကိုယ်စားလှယ် အဖွဲ့က မကျေနပ်လို့ ခုံတွေကို ထုကြ၊ အော်ဟစ်ကြနဲ့ အနှောင့်အယှက် ပေးခဲ့ပါတယ်။ ကျူးဘား နိုင်ငံခြားရေး ဝန်ကြီး ဘရူနို ရိုဒရီဂတ်ဇ် ပါရိုင်လာက မိန့်ခွန်းစင်မြင့်နားထိ လျှောက်လာပြီး ဝေါ့ဇ်ကို လူလိမ်လို့ စွပ်စွဲ အော်ဟစ်ခဲ့ပါတယ်။
ဝေါ့ဇ်ကလည်း ဒီနေရာဟာ အမေရိကန်နိုင်ငံ၊ ကုလသမဂ္ဂ အဆောက်အအုံ ဖြစ်ပြီး ကွန်မြူနစ် အာဏာရှင် အုပ်စိုးနေတဲ့ ဟာဗားနား မဟုတ်ကြောင်း၊ အမေရိကန်မှာ ဒါမျိုး ခြိမ်းခြောက်လို့ မရကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဟာဗားနားက ကျူးဘားနိုင်ငံရဲ့ မြို့တော်ပါ။ ပြီးတော့ အမေရိကန်မှာ သူ့ကို ဒီလို နှောင့်ယှက် တားဆီးလို့ မရတာကြောင့် နောက်ဆုတ်သွားကြဖို့ ဝေါ့ဇ်က အော်ဟစ်ပြီး နှင်ထုတ်ခဲ့ပါတယ်။
အထွေထွေ ညီလာခံရဲ့ သဘာပတိ ခါလီလူရာ ရာမန်က အခြေအနေကို ဝင်ထိန်းဖို့ ကြိုးစားမှုကလည်း မအောင်မြင်ဘဲ အခြေအနေက အတော်လေး အကျည်းတန်သွားခဲ့ပါတယ်။ ဒီကိစ္စကြောင့် နောက်ပိုင်းမှာတော့ ညီလာခံကို ခေတ္တ ဆိုင်းငံ့ခဲ့ပြီး နောက်ပိုင်းမှသာ ဆွေးနွေးမှုတွေကို ပုံမှန် ပြန်စခဲ့ပါတယ်။
ကျူးဘားအပေါ် အမေရိကန် ပိတ်ဆို့မှုတွေ ဖယ်ရှားပေးရေး အဆိုကို UN အထွေထွေ ညီလာခံမှာ နှစ်စဉ် တင်ပြ ဆွေးနွေးလေ့ရှိပြီး မနှစ်တုန်းကတော့ ရုပ်သိမ်းမှုတွေ ဖယ်ရှားဖို့ကို ထောက်ခံမဲ ၁၆၅ မဲ၊ ကန့်ကွက်မဲ ၇ မဲ၊ ကြားနေ ၁၂ မဲဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ကမ္ဘာ့အသိုက်အဝန်းရဲ့ သဘောထား ဆန္ဒကို ပြသတဲ့ အခြေအနေသာဖြစ်ပြီး အမေရိကန် အနေနဲ့ အဲဒီ ဆုံးဖြတ်ချက်ကို ကျိန်းသေ လိုက်နာစရာတော့ မလိုပါဘူး။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် တကျော့ပြန် သမ္မတ ဖြစ်လာတဲ့နောက် ကျူးဘားအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးမှုတွေကိုလည်း သိသိသာသာ အရှိန်မြှင့်လာခဲ့ပါတယ်။
ကိုးကား: Washington Examiner




















































