Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတိုက်ပွဲ ပြန်လည် ပြင်းထန်လာ

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

အောက်တိုဘာ-၂၅၊၂၀၂၆။ခိုင်မြတ်/ People’s Spring

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ် တပ်တို့ တပါတ်ကျော်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာကနေ အခုရက်ပိုင်းမှာတိုက်ပွဲပြန်လည်ပြင်းထန်လာပြီး စစ်တပ်က အထိနာကာ အင်အားအများအပြးထပ်မံဖြည့်တင်းနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း ပြီးခဲ့တဲ့ အောက်တိုဘာလလယ်လောက်ကတည်းကတိုက်ပွဲတွေ​​ခေတ္တ ငြိမ်သက်နေခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်ကစ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ပြန်ဖြစ်လာခဲ့တာပါ။

“တောင်မော်ဦးဘက်မှာ တိုက်ပွဲတွေ ငြိမ်သွားသေးတယ်။AA က စခန်းတခုရပြီးတော့ စစ်တပ်က ဆုတ်သွားတယ်။ အဲဒီနောက်ပိုင်း ဒီဘက်ကလည်း ရှေ့မတိုး၊ ဟိုဘက်ကလည်း မတိုး၊ ငြိမ်နေခဲ့တာ။ ဒီရက်ပိုင်းမှာမှ ပြန်ဖြစ်ကြတယ်။ အ၀တောင်နားမှာပါပဲ တိုက်ပွဲက ၊ ဒီနေ့လည်း တနေကုန်နီးပါးဖြစ်တယ်” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ကျောက်ဖြူဒေသ ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ တောင်မော်ဦး(​တောင်​မော်ကြီး)ရေတပ်စခန်းရဲ့ နောက်ဆုံးကာကင်းတွေရှိရာ အ၀တောင်ရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး စစ်တပ်ရဲ့ ကာကင်းစခန်းအနည်းငယ်သာ ကျန်တော့တယ်လို့ သိရပါတယ်။

“တောင်မော်ဦးမှာတော့ ကိုယ့်လူတွေ ရလဒ်ကောင်းတယ်။စခန်းတွေ သိပ်မကျန်ဘူး။ အားစိုက်လိုက်ရင်ပြတ်တာကြာပြီ။ တိုးလိုက်၊ ဆုတ်လိုက် လုပ်နေလို့သာ ကြာနေတာ။ အခွင့်အရေးရရင် ရသလိုတော့ တိုးနေကြတယ် ကိုယ့် ဘက်ကလည်း။ ဒီရက်ထဲမှာလည်း သုံ့ပန်းတွေရတာရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

AA ဟာ တောင်မော်ဦးတိုက်ပွဲအတွင်း စစ်တပ်ရဲ့ ကာကင်းစခန်းနှစ်ခုကို သိမ်းပိုက်ထားပြီး စစ်တပ်အလောင်း​တွေ နဲ့ စစ်သုံ့ပန်း​နွေလည်ယဆယ်ချီရှိပြီဖြစ်ပါတယ်။

ဒါ​ပေမယ့် ကျောက်ဖြူမြို့နယ် မင်းပြင်၊ သိုင်းချောင်းဘက်မှာတော့ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အ၀တောင်ရွာအနီးဝန်းကျင်က ကာကင်းစခန်းတွေ လက်လွှတ်နေရတဲ့စစ်တပ်ဟာ ကျောက်ဖြူမြို့ပေါ်ကနေ တောင်မော်ဦးရေတပ်ဆီ စစ်သေင်္ဘာတွေနဲ့ အင်အားဖြည့်နေသလို ကျောက်တော်ဖြူမြို့ပေါ်တပ်ရင်းတွေကိုလည်း အင်အားထောင်ဂဏန်းဖြည့်တင်းထားတယ်လို့ စစ်ရေးနီးစပ်သူတွေက ပြောပါတယ်။

အခုတစ်လကျော်အတွင်းမှာပဲစစ်တပ်ဟာ ကျောက်ဖြူတပ်ရင်းတွေဆီ အင်အား တထောင်ဝန်းကျင် ဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။ “ရန်ကုန်ကနေ သင်္ဘောကြီးတွေနဲ့ ဝင်တယ်။ ကျောက်ဖြူမှာ တိုက်ရိုက်ဆိုက်ပြီးတာ။ တထောင်လောက်ရှိပြီပြောကြတယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်ကလည်း စစ်သားတွေအပြည့် သင်္ဘောတစီးရောက် တယ်။ နှစ်ရာကျော်လောက်ပါမယ်ထင်တယ်”လို့ကျောက်ဖြူမြို့ခံတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ တိုက်လေယာဉ်၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ လေကြောင်း ဗုံးကြဲနေ သလို သံဇစ်မြစ်ပေါ်ရှိ စစ်သင်္ဘောတွေကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တာရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က တောင်မော်ဦးရေတပ်စခန်းအနီး အ၀တောင်စခန်းကနေ ရှေ့ တိုး ထိုးစင်ဆင်ဖို့ ကြိုးစားလာခဲ့ပြီး အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာ အထိနာခဲ့ပါတယ်။ အဲဒီနောက် ထပ်မံအင်အားဖြည့်စစ်ကြောင်းထိုးလာခဲ့ပေမယ့် စစ်တပ်ဘက်က တပ်စခန်းငယ်တခု လက်လွှတ်ခဲ့ရတာကြောင့် တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။

အဲဒီလို တပ်ဆုတ်သွားတဲ့စစ်တပ်ကို အခုအခါ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ကျောက်ဖြူအပြင် အာဏာသိမ်းစစ်တပ်ထိန်းချုပ်မှုရှိနေသေးတဲ့ စစ်တွေမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)နဲ့ အနီးဆုံးနေရာတွေမှာ တိုက်ပွဲပြင်းနေပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေအပြင် ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း ၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး ထိုးစစ်ဆင်နေခဲ့တာ တလခွဲကျော်ပြီဖြစ်ပါ တယ်။ တလခွဲကျော်ပေမယ့် AA စခန်းတခုမှ မသိမ်းနိုင်ဘဲ AA ကသာ စစ်တပ်စခန်းတွေကို ပြန်သိမ်းနေပြီး ခုခံစစ်က နေ ယခုအခါ ထိုးစစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ သတင်းမှားတွေနဲ့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၂ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၂ ခု၊ ပေါက်တောမြို့နယ်အတွင်းက ၁ ခု၊ မင်းတုန်း မြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ပါတယ်။စစ်သား​သေဆုံးဒဏ်ရာရတာလည်း ရာချီရှိနေပြီဖြစ်တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။

သတင်း

စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာတွေကိုလည်းစစ်ရှောင်ခွင့်မပေးဘဲပိတ်လှောင်ထား