သြဂုတ်-၂၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။
ဇူလိုင် ၃၁ ရက် ၊ ၈ နာရီ ၄၄ မိနစ်ဝန်းကျင် မှာဖြစ်ခဲ့တဲ့ဖြစ်စဥ်ကို CCTV ကမှတ်တမ်းတင်ထားပြီး ထို ဗီဒီယိုဖိုင်ကို ဖေစ်ဘွခ်သုံးစွဲသူတဦးကတင်လိုက်ရာ ရန်ကုန်မြို့မှာ အမျိုးသမီးတွေ အနှောက်အယှက်ကြုံရတာကို အပြောနဲ့သာမဟုတ် လက်တွေ့ပြသနိုင်တဲ့မှတ်တမ်းဖြစ်လာပါတယ် ။
ဗီဒီယိုဖိုင်မှာ ပင့်ကူလူသား(Spider Man)ပုံ ကျောပိုးအိတ်လွယ်ထားတဲ့ အမျိုးသားတဦးက ခြံတစ်ခုရဲ့အဝမှာရပ်စောင့်ရင်း ထွက်လာတဲ့ အမျိုးသမီးငယ်တစ်ဦးကို လိုက်နှောက်ယှက်နေတာကို တွေ့ရပါတယ်။

Public Service Announcement
ဇူလိုင် ၃၁ ရက် နံနက် ၈နာရီခွဲကျော်က ကမာရွတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း ရှေ့မှာဖြစ်ခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာအများစုကတော့ အဲဒီ့ဖြစ်စဉ်ကို မသိကျိုးကျွံပြုသွားကြပါတယ်။အဆိုပါအမျိုးသားက အမျိုးသမီးငယ်ကို အနီးကပ်ဖို့လုပ်ခဲ့သလို ၊အမျိုးသမီးကရှောင်ထွက်ဖို့ ကြိုးစားတာမှာလည်း ဇွတ်လိုက်ကပ်တာကို တွေ့ရပါတယ် ။
နှောင်ယှက်တဲ့ အမျိုးသားက အမျိုးသမီးကို လမ်းပိတ်ထားတဲ့ပုံစံလုပ်နေတာကြောင့် ချစ်သူတွေထင်ပြီး မကူညီကြတာဖြစ်နိုင်တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက မှတ်ချက်ရေးသားထားကြပါတယ်။
ဒါပေမယ့် လမ်းသွားလမ်းလာအမျိုးသားတစ်ဦးကတော့ နှောင့်ယှက်ခံနေရတဲ့ အမျိုးသမီးရဲ့ ဖြစ်စဉ်ကို တချက်အကဲခတ်ပြီး အခြေအနေရိပ်မိပြီး လက်ဆွဲကာခေါ်ဆောင်သွားခဲ့တာကြောင့် အဆင်ပြေသွားခဲ့တာပါ။
“လက်လှမ်းတွဲတဲ့အချိန်မှာ ပျော်လိုက်တာ ဝမ်းသာလွန်းလို့မျက်ရည်တောင်ဝဲတယ်” လို့ ဗီဒီယိုဖ်ိုင်ကိုကြည့်ပြီး အမျိုးသမီးတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။
“ရီစရာ..ဝမ်းသာနေစရာမဟုတ်ပါဗျာ..
ကိုယ့်ညီမ…ကိုယ့်အမ ဆို ဘယ်လိုနေမလဲ ခင်ဗျာ…
တကယ့်လက်တွေ့ဘဝက…တခါတလေ ချောမွေ့မနေတတ်ပါဘူး” လို့ ဖေစ်ဘွခ်အသုံးပြုသူတဦးက လည်းမှတ်ချက်ပြုပါတယ် ။
ကူညီပေးခဲ့တဲ့ အမျိုးသားကို ကျေးဇူးတင်ကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ရေးသားထားကြပါတယ်။
အခုအမျိုးသမီးငယ်ကို နှောက်ယှက်တဲ့ အမျိုးသားနဲ့ကိုယ်တိုင်ကြုံဖူးခဲ့တယ်လို့ စီစီတီဗီကို ကြည့်ရှုနေသူတစ်ဦးကလည်း ဗီဒီယိုဖိုင်မှာပြောထားပါတယ်။
ဒီဗီဒီယိုဖိုင်က စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မလုံခြုံတော့တဲ့ပြည်သူလူထုဘဝတွေကို ပြသနေတာဖြစ်တယ်လို့ ပြည်သူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။
“သေချာကြည့်ရင် မိန်းကလေးတွေဘဝက ဘယ်လောက်တောင် လုံခြုံမှုမရှိလဲဆိုတာ ဒီ Record က သက်သေပဲ။ လူသူထူထပ်တဲ့နေရာမှာတောင်ဒီလိုအောက်တန်းစား တဏှာရူးတွေနဲ့ အခက်ကြုံနေရတဲ့ ဘဝတွေ” လို့အမျိုးသမီးတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။
ဒီလိုဖြစ်စဉ်တွေကြုံရင် အမျိုးသမီးတွေ အနေနဲ့ ရှက်ရွံ့တာတွေမဖြစ်ပဲ အနီးအနားကပြည်သူတွေကို အမြန် အကူအညီတောင်းသင့်တယ်လို့ ပြည်သူတွေက အကြံပြုထားပါတယ်။ အလားတူ အမျိုးသားတွေအနေနဲ့လည်း အခုလိုအမျိုးသမီးတွေကြုံရင်ကူညီပေးကြဖို့ လည်း ဗီဒီယိုဖိုင်ကြည့်ပြီး ပြည်သူအချို့ကမှတ်ချက်ပြုပါတယ်။
ဒီလိုဖြစ်စဉ်တွေက အမျိုးသမီးတွေအနေနဲ့ YBS တွေပေါ်မှာ လူပြတ်တဲ့နေရာတွေမှာ လည်း ကြုံရလေ့ရှိတာကြောင့် ကိုယ့်ရှေ့မှာဖြစ်ရင် ကူညီပေးကြဖို့လည်း တိုက်တွန်းထားကြပါတယ်။
“Busပေါ်မှာလဲ ကူညီပေးကြပါကွယ် တချို့တဏှာရူးအဘိုးကြီးတွေရွံစရာကောင်းလွန်းလို့” လို့ အမျိုးသမီးတစ်ဦးက ရေးသားထားပါတယ်။


















































