ဩဂုတ် ၂၊ ၂၀၂၆။ထားမြတ်/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဖလူးဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံအတွင်း လူနေအိမ်တွေပေါ် ကျရောက်ထိမှန်ခဲ့တယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖလူးဒေသမှာဖြစ်တဲ့ ဒီကနေ့ တိုက်ပွဲအတွင်း စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံ တာချ်ခရိုင် နယ်စပ်က မယ့်ကိုကင်းကျေးရွာက လူနေအိမ် ၅လုံးနဲ့ ဘုန်းကြီးကျောင်း အပေါ် ကျရောက်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ဟာ KNLA တပ်မတော်အပေါ် ထိုင်းအစိုးရက ဖိအားပေးစေဖို့အတွက် ထိုင်းနိုင်ငံအတွင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
မြဝတီမြို့တောင်ဘက်က ဖလူးဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေတယ်လို့ ဆိုပါတယ်။
ဖလူးဒေသကို စစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)နဲ့ တပ်မ(၂၂) ထုတ်သုံးလာပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ဖလူးဒေသမှာ ရှေ့ဆုံးက စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ၂ခုဟာ လက်တလောမှာ ထိခိုက်မှုများနေပြီး အကြိမ်ကြိမ် လန်ကျနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်စစ်ကြောင်းက စစ်သားတွေဟာ အခုရက်ပိုင်း ဆက်တိုက်ဆိုသလို တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာနေပါတယ်။
စကခ(၁၃) လက်အောက်ခံ ခမရ(၅၅၇)တပ်ရင်းက တပ်သားတစ်ဦးဟာ လက်နက်ယူလာပြီး အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အးရုံး(KNU)က ဒီကနေ့ ဩဂုတ် ၂ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ခမရ(၅၅၇)တပ်ရင်းက တပ်သား ၂ဦးဟာ လက်နက် ၃လက်ယူဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်အတွင်း မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရတဲ့ တပ်သားတွေနဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိရဲ့ အသက်အန္တရာယ်နဲ့ အနာဂတ်ကို ကာကွယ်နိုင်ရေး နီးစပ်ရာ တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်းခိုလှုံရန် ထပ်မံတိုက်တွန်းကြောင်း KNU က ထုတ်ပြန်ပါတယ်။
လက်ရှိမှာ KNU တပ်မဟာ(၆)နယ်မြေ ဖလူးဒေသမှာစစ်တပ်က ထိုးစစ်ဆင်နေရာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကအရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားသလို တပ်တွင်းက ထွက်ပြေးပြီး KNLAထံ အလင်းဝင်ရောက်လာသူတွေလည်း ဆက်တိုက်ရှိနေတယ်လို့ KNLA သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။
အခု အလင်းဝင်လာတဲ့သူဟာ ခမရ(၅၅၇)က တပ်သား သန်းနိုင်လင်းဖြစ်ပြီး ဩဂုတ် ၁ရက်မှာ လက်နက် ၁လက်၊ ကျည်တွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ တပ်သားကို KNLA တပ်မဟာ (၆)က လက်ခံကြိုဆိုခဲ့ပြီး ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ကြောင်း အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNU ခရိုင် တပ်မဟာ နယ်မြေအသီးသီးမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လျက်ရှိရာ စစ်ကောင်စီတပ်သားအများအပြား အထူးသဖြင့် စစ်တပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ လက်နက်နဲ့ ဖြစ်စေ လက်နက်မဲ့ဖြစ်စေ KNU နဲ့ တော်လှန်ရေးတပ်တွေထံ အလင်းဝင်ရောက်မှုတွေ များစွာရှိခဲ့ပါတယ်။


















































