နိုဝင်ဘာ ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၃၁ရက် သတင်းဖော်ပြချက်မှာ မိုးမိတ် ၇မိုင်ဒေသမှာ အောက်တိုဘာ ၃၁ရက် တနေ့လုံးနီးပါးတိုက်ပွဲပြင်းထန်ခဲ့ကြောင်း အသိပေးပါတယ်။
တိုက်ပွဲမှာ ထိခိုက်ကျဆုံး အခြေအနေတွေဖော်ပြမထားပေမဲ့ စစ်တပ်ဘက်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Public Service Announcement
ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ရဲ့ပြောပြချက်အရ အောက်တိုဘာ ၃၀ရက်နေ့ မိုးမိတ်ဒေသ တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး အရာရှိ အပါအဝင် သေဆုံးသူ ၂၀ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်မျိုးစုံ အလက် ၃၀ ခန့် သိမ်းရခဲ့ကြောင်းလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မိုးမိတ်ဒေသဟာ KIA တပ်မဟာ(၄) အမှတ်(၃၄) တပ်ရင်း နယ်မြေဖြစ်ပြီး မိုးမိတ် ၇မိုင်ရွာ၊ ၈မိုင်နဲ့ ၉မိုင် ဒေသတွေမှာ တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ KIA ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
မိုးမိတ်မြို့အနီးက စစ်တပ်စခန်းအချို့ကို စက်တင်ဘာလကုန်ပိုင်းမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မိုးမိတ်မြို့ကိုစစ်တပ်က အင်အားဖြည့်တင်းကာ တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာ KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်တာ၊ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်တာတွေလုပ်ဆောင်လျက်ရှိပါတယ်။




















































