စက်တင်ဘာ ၁၇၊၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
မနေ့က စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီခန့်က မုံရွာမြို့နယ်၊ အင်ရွာသစ်နေ အိမ်ခြံမြေပွဲစား ဦးမောင်ဦးနဲ့အဖော်ဖြစ်သူတစ်ဦးတို့ကို အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသား ၄ ဦးက သုံးဘီးယာဥ်နဲ့ အိမ်ဝင်းလိုက်ပြဖို့ဆိုပြီး လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
၎င်းအဖွဲ့ဟာ အောင်တော်မှုကျောင်းအနီးသို့ ရောက်ရှိချိန်မှာ မြေပွဲစား ဦးမောင်ဦးကို ဓားနဲ့ ၅ ချက်ခန့် ခုတ်သတ်ခဲ့ပြီး ၎င်းနှင့်အတူ ပါလာတဲ့ အဖော်ဖြစ်သူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Public Service Announcement
“အိမ်ကြည့်ချင်တယ်ဆိုပြီး လာခေါ်သွားတာပြောတယ်။ မုံရွာမှာက ရိုးနေပြီဒါမျိုးတွေက”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေရဲ့ အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မုံရွာမြို့မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း ငွေကြေးချမ်းသာသူတွေကို ပြန်ပေးဆွဲငွေညှစ်တာ၊ ဓါးပြတိုက်တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကလည်း ဖမ်းဆီးအရေးယူတာမျိုး မရှိဘဲ လူငယ်တွေကိုသာ စစ်မှုထမ်းဖို့ ပေါ်တာပတ်ဆွဲနေကြောင်း မြို့ခံတွေက ပြောပါတယ်။


















































