သီဟံ ရေးသားသည်။
ကြောက်ရွံ့မှုဆိုတာ အမြဲတမ်းမကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ တစ်ခါတလေ လူသားတွေကို အန္တရာယ်ကနေ ရှောင်ရှားနိုင်အောင် သတိပေးတဲ့ အရေးအကြီးဆုံး ခံစားချက်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာတစ်ခုလုံးကို မိနစ်ပိုင်းအတွင်း ဖျက်ဆီးပစ်နိုင်တဲ့ နျူကလီးယား လက်နက်တွေနဲ့ ပတ်သက်လာရင် အဲဒီ “ကြောက်စိတ်” ဟာ တစ်ချိန်က ကမ္ဘာကြီးကို စစ်ဘေးကနေ ကယ်တင်ပေးခဲ့တဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့မှာတော့ ကမ္ဘာ့အစွမ်းထက်ဆုံးနျူကလီးယားလက်နက်တွေကို ထိန်းချုပ်ထားကြတဲ့ ပူတင်၊ ထရန့် နဲ့ ရှီကျင့်ဖျင်တို့ဟာ အရင်ခေတ်က ခေါင်းဆောင်တွေလောက် နျူကလီးယားအန္တရာယ်ကို အလေးအနက် မထားတော့ဘူးလို့ စိုးရိမ်စရာ အခြေအနေတွေ ပေါ်လာနေပါတယ်။
ဒီအခြေအနေကို နားလည်ဖို့ စစ်အေးတိုက်ပွဲ (Cold War)ခေတ်ကိုပြန်ကြည့်ဖို့လိုပါတယ်။ အဲဒီအချိန်ကအမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့ဟာနျူကလီးယားလက်နက်အပြိုင် တည်ဆောက်နေကြပေမဲ့၊ တစ်ဖက်ကို တိုက်ခိုက်လိုက်တာနဲ့ နှစ်ဖက်စလုံးပျက်စီးသွားနိုင်တယ်ဆိုတဲ့ အမှန်တရားကို နက်နက်ရှိုင်းရှိုင်း နားလည်ထားခဲ့ကြပါတယ်။ အဲဒီကြောက်စိတ်ကြောင့်ပဲ ပြိုင်ဆိုင်မှုတွေကြားက လက်နက်ထိန်းချုပ်ရေး လမ်းကြောင်းကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အထင်ရှားဆုံး ဥပမာကတော့ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးပျံ ပြဿနာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာအမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ နဲ့ ဆိုဗီယက်ခေါင်းဆောင် နီကီတာခရူးရှက်ဗ် တို့ဟာ နျူကလီးယားစစ်ပွဲ အစွန်းနားအထိ ရောက်ခဲ့ကြပါတယ်။ဒါပေမဲ့စစ်ရေးနည်လမ်းကိုသာ ရွေးချယ်ဖို့ တိုက်တွန်းနေတဲ့ အကြံပေးတွေရဲ့ အမြင်ကို မလိုက်ဘဲ အပြန်အလှန် ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ကမ္ဘာကြီးဟာ အကြီးမားဆုံး ကပ်ဘေးတစ်ခုကနေ လွတ်မြောက်ခဲ့ပါတယ်။
အဲဒီလိုပဲ ၁၉၈၆ခုနှစ် အိုက်စလန်နိုင်ငံရေးဂျာဗစ် မြို့မှာ ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲဟာလည်း နျူကလီးယားသမိုင်းမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီတွေ့ဆုံပွဲ နှစ် ၄၀ ပြည့်ကို ဂုဏ်ပြုတဲ့ စစ်အစွန်းနား(The Brink of War)ဆိုတဲ့ရုပ်ရှင်အသစ်တောင် ထွက်ရှိလာပါပြီ။
အဲဒီတုန်းက အမေရိကန်သမ္မတ ရော်နယ် ရေဂင် နဲ့ ဆိုဗီယက်ခေါင်းဆောင် မီခေးလ် ဂေါ်ဘာချော့ဗ် တို့ဟာ ပင်လယ်ကမ်းစပ်က သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ပင်လယ်ဘေးအိမ်လေးမှာ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြပါတယ်။ ပါဝင်ခဲ့တဲ့ သံတမန်တွေအဆိုအရ ခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေချိန် အပြင်ဘက်မှာတော့ အမေရိကန်နဲ့ ဆိုဗီယက် အရာရှိနှစ်ယောက်က ထိပ်သီးနျူကလီးယား ထိန်းချုပ်ခလုတ် (Nuclear Football) တွေကို ကိုင်ဆောင်ပြီး အသင့်စောင့်နေခဲ့ကြတဲ့အထိ အခြေအနေဟာ တင်းမာခဲ့ပါတယ်။
အစပိုင်းမှာတော့အဲဒီဆွေးနွေးပွဲဟာ မအောင်မြင်ဘူးလို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာတော့ နျူကလီးယားလက်နက် လျှော့ချရေးစာချုပ်ကြီးတွေပေါ်ပေါက်လာဖို့ အခြေခံအုတ်မြစ် ဖြစ်လာခဲ့ပါတယ်။ ရေဂင်နဲ့ ဂေါ်ဘာချော့ဗ်တို့နှစ်ယောက်စလုံးဟာနျူကလီးယားလက်နက်တွေကို ကြောက်ရွံ့ မုန်းတီးကြပြီး ဆယ်စုနှစ်တစ်ခုအတွင်း နျူကလီးယားလက်နက်အားလုံးကို အပြီးတိုင်ဖျက်သိမ်းဖို့အထိ မျှော်လင့်ခဲ့ကြတာကြောင့် အကြံပေးတွေကိုတောင် အံ့အားသင့်စေခဲ့ပါတယ်။
ဒါပေမဲ့ ဆွေးနွေးပွဲဟာ အပြန်အလှန် အာမခံဖျက်ဆီးမှုဆိုတဲ့သဘောတရားကြောင့် အဆုံးသတ်မှာ မအောင်မြင်ခဲ့ပါဘူး။ အဲဒီအယူအဆကတော့ ဘယ်သူပဲ စပြီး နျူကလီးယားစစ်ဆင်ဆင် နှစ်ဖက်စလုံး အတူတူ ပျက်စီးသွားမှာ ဖြစ်တဲ့အတွက် အဲဒီကြောက်စိတ်ကိုပဲ စစ်တားဆီးရေး အာမခံချက်အဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။
ရေဂင်က အဲဒီလို ခြိမ်းခြောက်မှုနဲ့ ငြိမ်းချမ်းရေးယူရမှာကို မနှစ်သက်ဘဲ မဟာဗျူဟာ ဒုံးပျံကာကွယ်ရေးအစီအစဉ် (Strategic Defense Initiative – SDI)ကို မစွန့်လွှတ်ခဲ့ပါဘူး။ ဂေါ်ဘာချော့ဗ်ကတော့ အဲဒီစနစ်ကြောင့် အမေရိကန်က ရုရှားကို အသာစီးရသွားမှာ စိုးရိမ်ခဲ့တာကြောင့်နှစ်ဖက်သဘောတူညီချက်မရနိုင်ခဲ့ပါဘူး။
ဒီနေ့ ကမ္ဘာ့အခြေအနေကို ကြည့်လိုက်ရင်တော့ အရင်ခေတ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ဟာ နျူကလီးယားလက်နက်တွေကို ဆက်လက်တိုးချဲ့နေသလို ခေတ်မီအောင်လည်း ပြုပြင်နေကြပါတယ်။ တစ်ချိန်က အလေးထားခဲ့တဲ့ လက်နက်ထိန်းချုပ်ရေး စာချုပ်တွေနဲ့ ဆွေးနွေးပွဲတွေကိုလည်း စိတ်ဝင်စားမှု လျော့နည်းလာပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ဟာ နျူကလီးယားစစ်ပွဲက လူသားမျိုးနွယ်အတွက် အဆိုးရွားဆုံး အန္တရာယ်ဖြစ်တယ်လို့ ပြောဖူးပေမဲ့ အပြန်အလှန် အာမခံဖျက်ဆီးမှု သဘောတရားကိုတော့ ယုံကြည်မှု မရှိခဲ့ပါဘူး။ အခုသမ္မတဖြစ်လာချိန်မှာတော့ ထရန့်ဟာ နျူကလီးယားအန္တရာယ်ကို အလေးအနက် မထားဘဲ ပေါ့ဆစွာ ကိုင်တွယ်နေပါတယ်။ ယခင်က အမေရိကန်နိုင်ငံဟာ နျူကလီးယားလက်နက် အသစ်တွေ ပေါ်ထွက်မလာအောင် တားဆီးခဲ့ပေမဲ့၊ ထရန့်ကတော့ ဆော်ဒီအာရေးဗီးယားနဲ့ တောင်ကိုရီးယားလို မဟာမိတ်တွေကို နျူကလီးယားနည်းပညာတွေ ရောင်းချဖို့ ကြိုးပမ်းနေမှုတွေလည်း တွေ့မြင်လာရပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင် ကတော့ နျူကလီးယားစစ်ပွဲကို ဆန့်ကျင်ကြောင်း ပြောဆိုထားပေမဲ့ လက်တွေ့မှာ နျူကလီးယားလက်နက် လျှော့ချရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ အမေရိကန်ဦးဆောင်တဲ့အစိုးရပြောင်းလဲရေးလှုပ်ရှားမှုတွေကို အလွန်မုန်းတီးတာကြောင့်မြောက်ကိုရီးယားနဲ့ အီရန်တို့ နျူကလီးယားရသွားမှာထက် အမေရိကန်ရဲ့မဟာဗျူဟာကို ပိုပြီးသတိထားနေတဲ့သဘောလည်းရှိပါတယ်။
ဒီအပြောင်းအလဲတွေထဲမှာအဆိုးရွားဆုံး အပြောင်းအလဲကတော့ ပူတင် ရဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။ ပူတင်ဟာ နျူကလီးယားကင်းစင်တဲ့ ကမ္ဘာကို ဦးတည်ဖို့ထက် နျူကလီးယားခြိမ်းခြောက်မှုကို နိုင်ငံရေးနဲ့ စစ်ရေးဖိအားပေး ကိရိယာအဖြစ် အသုံးပြုပြီး ရုရှားရဲ့ အင်အားကြီးနိုင်ငံ အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းဖို့ ပိုပြီး အလေးထားလတယ်လို့ သုံးသပ်ကြပါတယ်။
စစ်အေးတိုက်ပွဲခေတ်က ခေါင်းဆောင်တွေဟာ နျူကလီးယားစစ်ပွဲ ဖြစ်လာရင် အနိုင်ရသူမရှိဘူးဆိုတာကိုနက်နက်ရှိုင်းရှိုင်းသိထားခဲ့ကြပါတယ်။ အဲဒီကြောက်စိတ်ကပဲ အန္တရာယ်အရှိဆုံးအချိန်တွေမှာတောင်အလျှော့အတင်းလုပ်ဖို့ တွန်းအားပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့မှာတော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေရဲ့ တွက်ချက်မှုတွေထဲမှာ လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့ လုံခြုံရေးထက်ကိုယ့်နိုင်ငံရဲ့ အင်အား၊ ဩဇာနဲ့ မဟာဗျူဟာ အသာစီးရရေးကို ပိုပြီး ဦးစားပေးလာနေတဲ့ လက္ခဏာတွေ ပိုမိုထင်ရှားလာပါတယ်။ တစ်ချိန်က ကမ္ဘာကြီးကို ကယ်တင်ခဲ့တဲ့ “နျူကလီးယားစစ်ပွဲကို ကြောက်ရွံ့တဲ့စိတ်” ပျောက်ကွယ်လာတာဟာ နျူကလီးယားလက်နက်တိုးပွားလာတာထက်တောင် ပိုပြီး စိုးရိမ်စရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဖြစ်နိုင်ပါတယ်။
ကိုးကား – The Economist


















































