စက်တင်ဘာ-၁၈၊၂၀၂၆။နေ့သစ်/People’s Spring
ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညနဲ့ ဘာသာပေါင်းစုံကလူပုဂ္ဂိုလ်တွေရဲ့ စကားဝိုင်းကို စက်တင်ဘာ ၁၈ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့ တနေရာမှာ ပြုလုပ်စဉ် ဆရာတော်က အထက်ပါအတိုင်း မိန်းကြားခဲ့တာ ဖြစ်ပါတယ်။
“ဒီသပိတ်မှောက်ပွဲကြီးမှာ အားလုံးပဲမြင်ရတဲ့အတိုင်းပဲစစ်အာဏာရှင်က ရက်ရက်စက်စက်ဖြိုခွင်းတယ်။ ဖမ်းဆီးတယ်။ထောင်ချတယ်။ နှိပ်စက်တယ်။သတ်ဖြတ်တယ်။ဒါတွေကို ဦးဇင်းတို့က ပြန်လည်ပြီးတော့ အောင်းမေ့အမှတ်ရဖို့”လို့ ဆရာတော် မင်းသုညက မိန့်ကြားပါတယ်။

Public Service Announcement
ဒါ့အပြင်က စစ်အာဏာရှင်တွေက အချင်းချင်းညီညွတ်မှာကို အကြောက်ဆုံးဖြစ်လို့ဘုံရန်သူစစ်စစ် ပျောက်အောင် သွေးခွဲလေ့ရှိတယ်လို့လည်းဆရာတော်က မိန့်ကြားပါတယ်။
“အဲဒီ့တုန်းကဆိုလို့ရှိရင် ဦးဇင်းတို့က ရဟန်း သံဃာတော်တွေက လမ်းလျှောက်တယ်။ နောက်က ဒကာ၊ ဒကာမတွေ ဘာသာပေါင်းစုံပေါ့။ အစ္စလာမ် ၊ခရစ်ယာန် ၊ ဟိန္ဒူ အကုန်လုံးကလက်တွဲညီညီနဲ့ အစ္စလာမ်တွေကအစ ရေဘူးထွက်ကမ်းတာထမင်းထုတ်ထွက်ကမ်းတာ အကုန်လုံး တကယ့်ညီညွှတ်တဲ့ မြင်ကွင်းကြီးဗျ။ စစ်အာဏာရှင်ဟေ့ဆိုတာ ဒီလိုညီညွှတ်တာကို အကြောက်ဆုံးပဲ။ ဘာဖြစ်လို့လည်းဆိုရင် ညီညွှတ်ရင် ဘုံရန်သူစစ်စစ် စစ်အာဏာရှင်ကို ဦးဇင်းတို့ကမြင်ကြရမယ်။ ဦးဇင်းတို့ မညီညွတ်ရင် အချင်းချင်း ရန်ဖြစ်နေတော့ ဘုံရန်သူပျောက်နေတယ်။ အဲဒါကြောင့်မိုလို့ စစ်အာဏာရှင်က ဘာလုပ်လည်းဟေ့ဆိုရင် ဘုံရန်သူစစ်စစ် ပျောက်အောင် အမြဲတမ်း ဦးဇင်းတို့ရဲ့ အချင်းချင်းကြားထဲမှာ သွေးခွဲလေ့ရှိတယ်”လို့ ဆရာတော်က မိန့်ပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင်ကအချင်းချင်းသွေးကွဲအောင် ရန်တိုက်ပေးလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
“ဒါကြောင့်မိုလို့ ဦးဇင်းတို့ ဘုန်းကြီးတွေကို အစ္စလာမ်ဘာသာ နဲ့ အမြဲတမ်းတိုက်ပေးတယ်။ သွေးခွဲတယ်။ သူတို့လုပ်နေကြပဲ။ ဦးဇင်းတို့က ဒါတွေကို မြင်နေတတ်ရမယ်။ ပြီးရင် အားလုံးသိကြတဲ့အတိုင်းပဲ ကရင်ဟေ့ဆိုရင် ကရင် နဲ့ ညီညွှတ်နေတာကို ဘာနဲ့ခွဲလဲ။ ကရင်ထဲမှာ ခရစ်ယာန်ရှိတယ်။ ဗုဒ္ဓဘာသာရှိတယ်။ အစ္စလာမ်ရှိတယ်။ အများစုကတော့ ခရစ်ယာန် နဲ့ ဗုဒ္ဓဘာသာပေါ့။ အဲဒီမှာ ကရင်မှာ တိုက်လို့ မနိုင်တော့ ခုနကပြောတဲ့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ကိုရန်တိုက်ပေးလိုက်တာ။ တိုက်ပေးလိုက်တဲ့အခါကျတော့ ယနေ့ ကရင်ညီညွှတ်နေတဲ့ အဖွဲ့အစည်းဟာ ခုနပြောသလို DKBA KNU အစရှိသဖြင့် အဖွဲ့တွေအများကြီးတွေဖြစ်သွားတယ်။ အဲဒိတော့ မကွဲခဲ့ဘူးဟေ့ဆိုရင် ဘုံရန်သူစစ်စစ် စစ်အာဏာရှင်ကို ဦးဇင်းတို့ကမြင်ကြရတယ်။ဒါတွေကို ဦးဇင်းတို့က သိကြဖို့ မြင်ကြဖို့ အတွက် ဒီစကားဝိုင်းပွဲတွေကို ဦးဇင်းတို့ကပြန်လည်ကျင်းပကြရတာပဲ။အားလုံးညီညွှတ်ကြပါ။ညီညွှတ်နေတယ်ဟေ့ဆိုရင် ဦးဇင်းတို့က ဘုံရန်သူကိုစစ်စစ် မြင်ရတယ်”လို့ ဆရာတော် မင်းသုညက ဆကိလက်မိန့်ကြားပါတယ်။
ရွှေဝါရောင်တော်လှန်ရေးဟာ ၂၀၀၇ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ ဖြစ်ပွားခဲ့ပါတယ်။
စစ်တပ်ကအုပ်ချုပ်ထားတဲ့ အဲဒီကာလမှာ လောင်စာဆီ စျေးနူန်းမြင့်တက်လာလို့အထွေထွေကုန်ဈေးနှုန်းတက်ပြီး ပြည်သူတွေကြပ်တည်းလာတာကြောင့် ပခုက္ကူမြို့ကသံဃာတော်တွေက စတင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ဒါကိုစစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့်တနိုင်ငံလုံးရှိ သံဃာထုပါ ပါဝင်လာခဲ့ကြပါတယ်။
သံဃာတော်တွေက လမ်းလျှောက်မေတ္တာပို့ပြီး ဆန္ဒထုတ်ဖော်တာကိုစစ်အစိုးရက စက်တင်ဘာ ၂၆ ရက်မှာ အကြမ်းဖက်ပစ်ခတ်ရိုက်နှက်ဖမ်းဆီးနှိမ်နင်းမှုကြောင့် သံဃာတော်များအပါအဝင် ပြည်သူများစွာသေဆုံးထိခိုက်ခဲ့ရပါတယ်။


















































