စက်တင်ဘာ-၁၈ ၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော်(AA)က အာဏာသိမ်းစစ်တပ်ရဲ့ စခန်း တွေကို ဆက်တိုက်သိမ်းပိုက်နေရာ ဒီကနေ့ မှာလည်းကာကင်းစခန်းတခုနဲ့ ခြေ ကုတ်နေရာတခု ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်ရွှေမင်းဂံရေတပ်စခန်းရဲ့ကာကင်းစခန်းတွေဖြစ်တဲ့ ကံ့ကော်ကျွန်းရွာအနီးက ကာကင်းစခန်းငယ်တခုနဲ့ ရွှေမင်းဂံရေတပ်စခန်းရဲ့ ချောင်းတဘက်ကမ်း ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးရှိ ခြေကုတ်နေရာတခုတို့ ကို သိမ်းပိုက်ရရှိခဲ့တာလို့ စုံစမ်းသိရပါတယ်။
“စခန်းနှစ်ခု ရလိုက်တယ်။ အလောင်းတွေ ရတာတော့သိပ်မရှိဘူး။လက်နက်တွေချန်ပြီး ဆုတ်ပြေးသွားကြတာ။ တိုက်ပွဲကတော့ နေရာလေးခုလောက်မှာ ဆက်ဖြစ်နေကြတယ်” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စက်တင်ဘာ ၁၈ ရက်နေ့မနက်ပိုင်းမှာ အဲဒီစခန်းနှစ်ခုကိုထပ်မံသိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်စခန်းတွေလက်လွှတ်ရပြီးနောက် စစ်တပ်က တိုက်လေယာဉ် ခြောက်စီးခန့်နဲ့ တိုက်ပွဲဖြစ်ရာနေရာတွေအပြင် စစ်တွေ၊ပုဏ္ဏားကျွန်း၊ ပေါက်တော မြို့နယ် တို့အတွင်းက နေရာတွေကိုဗုံးကြဲခဲ့ပါတယ်။
“တရက်လုံး ဗုံးကြဲတယ်လို့တောင် ပြောလို့ရတယ်။ လက်နက်ကြီးသံ၊ စက်လက်(စက်သေနတ်)သံတွေလည်း ဒီနေ့ အာရုဏ်လောက်ကတည်းက ကြားရတယ်” လို့ စစ်တွေမြို့ထဲ နေထိုင်သူတဦးက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ဒီနေ့သိမ်းပိုက်ရရှိတဲ့စခန်းနှစ်ခုအပြင် စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားဝန်းကျင်ရှိ ကာကင်းတခု၊ ကံကော်ကျွန်းရွာ၀န်းကျင်ရှိ ကာကင်းတခု၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်တပ်ခြေကုတ်နေရာယူ ထားခဲ့တဲ့ စပါးထား၊ ဆားပို့တောင်၊ ခမောင်းတောရွာဝန်းကျင်တို့က ခြေကုတ်နေရာသုံးခုတို့ကိုလည်း ပြီးခဲ့တဲ့ ရက် တွေက သိမ်းပိုက်ရရှိထားပါတယ်။ဒါကြောင့် အနည်းဆုံးစစ်တပ်ကာကင်း ၃ ခု နဲ့ ခြေကုတ်နေရာ ၄ ခုကိုသိမ်းပိုက်ထားပြီဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်ရဲ့ အဓိကရှေ့ထွက်ကာကင်းတွေဖြစ်တဲ့ ဇော်မတက်၊ကံ့ကော်ကျွန်းဝန်းကျင်၊ကျားမသောက်တပ်ရင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)တို့ရဲ့ ရှေ့တန်းကာကင်းတွေရှိရာ တော ကန်ရွာဝန်းကျင်တို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ဆားပို့တောင်၊ ရဲရိုးပြင်ရွာဝန်းကျင်တို့မှာတိုက်ပွဲဖြစ်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများနေပြီး အရေအတွက်တွေနဲ့ အခြေအနေအ သေးစိတ်တွေကိုတော့ မသိရသေးဘူးလို့ AA နဲ့ နီးစပ်တဲ့အခြားသတင်းရင်းမြစ်တဦးကပြောပါတယ်။
“ဆားပို့တောင်နားက ကောင်တွေရဲရိုးပြင်ဘက်ကို သွားစုပြီး ခုခံနေကြတယ်။တပ်ပြန်ဆုတ်နေကြတာပေ့ါ။ဒါပေမယ့် ဒီကောင်တွေ ချောင်းကူးပြေးရမှာဆိုတော့မလွယ်ဘူး။ စုပြီးတော့ ခုခံနေကြတယ်။ ရွှေမင်းဂံနဲ့ မြို့ထဲကနေ လက်နက်ကြီးပစ်ကူတွေလည်းပေးနေတယ်။ ကိုယ့်ဘက်ကလည်း လိုက်တိုက်နေတယ်” လို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ဆိုကာ စစ်တွေမြို့နယ်ဘက်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့ နယ်ဘက်ဆီ စက်တင်ဘာလ ၄ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် AA ရဲ့ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်ကြောင်းတွေ နောက်ပြန်ဆုတ်ပြေးနေရပြီး အရင်ရှိနေတဲ့ စစ်စခန်းတွေပါ လက်လွှတ်နေရတာပါ။
စစ်တပ်ဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားနဲ့ ရွှေမင်းဂံရေတပ်စခန်းတို့ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ဆီ အင်အားထောင်ဂဏန်းနဲ့ မြေပြင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး အမြင့်ကျွန်းဘက်ကလာတဲ့ စစ်ကြောင်းဟာ တိုက်ပွဲပထ မရက်မှာပဲ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ဒါ့အပြင် အရင်ကတည်းက အထိုင်ချခဲ့တဲ့ အမြင့်ကျွန်ယတံတားပေါ်ကနေပါ နောက်ဆုတ်သွားခဲ့ ရတာဖြစ်ပါတယ်။
ရွှေမင်းဂံဘက်က တက်လာတဲ့စစ်ကြောင်းမှာ ဆားပို့တောင်၊ ရဲရိုးပြင်ရွာဝန်းကျင်တို့မှာ ရှိနေသေးပေမယ့် AA ရဲ့ တန်ပြန်ထိုးစစ်ကို ခုခံနေရပြီး နေ့တိုင်း သေဆုံးသူဆယ်ဂဏန်းနဲ့ အထိနာနေပြီး လက်နက်ချအလင်းဝင်သူတွေ ပါ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြေပြင်တိုက်ပွဲမှာအထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကိုလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ ၊ဗုံးကြဲတာတွေကိုဆက်တိုက်လုပ်နေပါတယ်။
စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ထိုးစစ်စခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ ဒီနေ့ထိ နှစ်ပတ် အတွင်းစခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်တွေစစ်မျက်နှာမှာတင် သေဆုံးသူရာနဲ့ချီ ရှိနေပြီလို့ AA သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ် တို့မှာလည်း စစ်တပ်ဘက်က အထိနာနေပါတယ်။


















































