စက်တင်ဘာ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။
စစ်တပ်ရဲ့ ခလရ-၁၃၇ တပ်ရင်း၊ ခလရ-၂၈၀ တပ်ရင်းနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ ရဟတ်ယာဉ်ကွင်းပါ စခန်းကို ဒီကနေ့ မွန်းလွဲပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း အရေးပါတဲ့ တပ်စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ထပ်လောင်းပြောပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲတွေဖြစ်နေတာ ကြာပြီလို့လည်း သူက ပြောပါတယ်။

Public Service Announcement
” နယ်ခြားမှတ်တိုင် အမှတ် ၃၀ စခန်း။ ရှိန်းခေါင်နားရောက်နေပြီ။ အရေးပါတဲ့ ဗျူဟာ စခန်းဖြစ်တယ်။ ပသစတွေ ပိုများတယ်။ တိုက်ခိုက်သိမ်းပိုက်နိုင်တာ။ ပူတာအိုဘက်ကပသစတွေ အကုန်ပါတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု ရှိပေမဲ့ အသေးစိတ် အခြေအနေတွေ မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။
KIA ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယပတ်ကလည်း နယ်ခြားမှတ်တိုင် (၃၀) အနီးရှိ စစ်ကောင်စီ နဲ့ ပြည်သူ့စစ် စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။
စခန်းအချို့ကို သိမ်းပိုက်ခဲ့ပြီး အချို့ဟာ မီးလောင်ပျက်စီးခဲ့ပါတယ်။ KIA စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars Newsရဲ့ ဖော်ပြချက်မှာတော့ ခေါင်လန်ဖူးဒေသ နယ်ခြားမှတ်တိုင်(၃၀)ရှိ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စခန်း ၃ခုကို KIAနဲ့ KPDF တပ်ဖွဲ့ကဇူလိုင် ၁၀ရက်ကနေ ၁၃ရက်နေ့အတွင်း အပြီးသတ်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားသိမ်းရခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်ကို ကိုးကားပြီး အဲဒီတုန်းက ဖော်ပြခဲ့ဖူးပါတယ်။
လတ်တလော ခေါင်လန်ဖူးဒေသ စစ်ရေးအခြေအနေကို KIA ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
KIAနဲ့ စစ်တပ်ဟာ စက်တင်ဘာအတွင်း ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်တွေမှာလည်း မြေပြင်တိုက်ပွဲ၊ ရေကြောင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အထိနာခဲ့ပါတယ်။


















































