ကဖေး/People’s Spring
မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ ချင်းတောင််ခြေတနေရာမှာ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးနဲ့ အိမ်လေးတစ်လုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။တောင်မြူခိုးတွေဟာအိမ်လေးရဲ့ဘေးဘီမှာ ဝေ့သီနေပါတယ်။ ကျေးငှက်တွေရဲ့ တွန်ကျူးသံက ငြိမ့်ညောင်းလှပါတယ်။
ဆိတ်ငြိမ်သေသပ်လှပတဲ့ ဒီအိမ်လေးပေါ်ကို ထင်းရှူး၊ချယ်ရီပန်းရနံ့၊မြူခိုးနဲ့တိမ်စိုင်၊ကျေးငှက်တေးသံတွေသာမက မိုင်ပေါင်းထောင်ချီအဝေးမှာ နေသူတွေရဲ့ ချစ်ခြင်းမေတ္တာတွေပါ လွှမ်းခြုံနေပါတယ်။
မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကပရိသတ်တွေက ဗန်လို့ ချစ်စနိုးခေါ်ကြတဲ့ UFC ဖိုက်တာဂျော့ရှုအာဗန်ဟာဟားခါးမြို့အနီး နာဘွာလ်းဆိုတဲ့ ချင်းတောင်ခြေရွာလေးထဲက အဲ့ဒီသစ်သားအိမ်လေးမှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပါတယ်။

Public Service Announcement
နာဘွာလ်းရွာလေးက အိမ်ခြေ၄၀ခန့်နဲ့ လူဦးရေ ၁၀၀ခန့်သာရှိပါတယ်။ ဟားခါးမြို့နဲ့ ၅မိုင်ခန့်ပဲဝေးပါတယ်။ဗန်နဲ့ နာဘွာလ်းရွာလေးရဲ့ ဆက်စပ်မှုကိုသိဖို့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် အတိတ်ကို ပြန်သွားကြရအောင်ပါ။

ဗန်ကိုလွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာချင်းတောင်ခြေမှာနေတဲ့ ဦးအုပ်သူး(Pu Uk Tu)နဲ့ ဒေါ် ကြာရီး(Pi Ca Zi)တို့ကမွေးဖွားခဲ့တာပါ။ဦးအုပ်သူကရွန်တလန်းရွာသား၊ဒေါ် ကြာရီးကနှိရ်လောန်းရွာသူ။စစ်အစိုးကခေတ် အဲဒီကာလမှာ ဒေါ် ကြာရီးက ချင်းတောင်ဒေသရဲ့ ရှားရှားပါးပါး ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။ဦးအုပ်သူးနဲ့ အကြောင်းပါပြီး သူတာဝန်ကျရာ နာဘွာလ်းရွာလေးမှာ အခြေချပြီး စာသင်ပါတယ်။ ဒီလိုနဲ့ ဗန်ကို နာဘွာလ်းရွာလေးမှာ မွေးဖွားခဲ့ပါတယ်။
နာဘွာလ်းရွာဟာ ဟားခါးမြို့နဲ့ ၅မိုင်ခန့်သာကွာဝေးပေမယ့် အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့စစ်အစိုးရကတော့ချင်းတောင်က တခြားရွာတွေလိုပဲ ဇနပုတ် ဇာတ်သွင်းထားခဲ့ပါတယ်။ နေပြည်တော်ကို အချိန်တိုအတွင်းနန်းတည်ခဲ့တဲ့ စစ်အစိုးရက မြို့နဲ့ လက်တစ်ကမ်းအကွာက နာဘွာလ်းရွာလေးကိုတော့ တောကြီးမျက်မည်းထဲမှာပဲ ထားခဲ့ပါတယ်။ရွာလေးထဲက တစ်ကျောင်းတည်းသော မူလတန်းကျောင်းမှာ ကျောင်းဆရာမအဖြစ် ဗန့်မိခင်တစ်ဦးတည်းကိုပဲ ခန့်အပ်ခဲ့ပါတယ်။ဆယ်ဂဏန်းခန့်သာရှိတဲ့ ကျောင်းသားလေးတွေထဲမှာ ကျောင်းလွယ်အိတ်လေး သိုင်းလွယ်ထားတဲ့ ဗန်ပေါက်စလေးလည်းပါခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ် ဒီဘက်နှစ်တွေမှာ ဗန့်ဖခင်ဟာ မိသားစု စားဝတ်နေရေးအတွက် ပြည်ပကိုထွက်ပြီးအလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနောက်မလေးရှားနိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာခိုလှုံရင်း နာဘွာလ်းရွာမှာရှိတဲ့ ဗန်တို့သားအမိကိုလှမ်းခေါ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ်မှာတော့ မိသားစုနဲ့အတူ မလေးရှားကိုရွှေ့ပြောင်းခဲ့ပါတယ်။မလေးရှားမှာ၂နှစ်ဝန်းကျင်ခိုလှုံပညာသင်ခဲ့ပါတယ်။အဲဒီနောက်သူတို့မိသားစုဟာ၂၀၁၃မှာUNHCR အစီ
အစဉ်နဲ့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ကိုပြောင်းရွေ့အခြေခနိုင်ခဲ့ပါတယ်။UNHCR ဆိုတာကတော့ စစ်ပွဲ၊ ပဋိပက္ခနဲ့ ဖိနှိပ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေကို ကူညီပေးတဲ့အဖွဲ့ဖြစ်ပါတယ်။
ဗန့်ရဲ့ ဘဝအလှည့်အပြောင်းက အမေရိကားမှာ စတင်ခဲ့ပါတယ်။ တိုက်ရဲခိုက်ရဲ လူပျိုပေါက်လေးဖြစ်နေတဲ့ ဗန်ဟာ ကမ္ဘာကျော်လက်ဝှေ့သမားပက်ကွီအိုကိုအားကျပြီး ကြိုးဝိုင်းထဲဝင်ခဲ့ပါတယ်။ချင်းတောင်ခြေမှာ နီတာရဲဗန်လေးကို ပျိုးထောင်ခဲ့တဲ့ ဗန့်မိခင်ဟာ ရေခြားမြေခြားတိုင်းတပါးမှာလည်း ဗန့်အတွက်နတ်စီတဲ့အိပ်မက်တွေ အသက်သွင်းပေးခဲ့ပါတယ်။ ကြိုးဝိုင်းထဲမှာလေ့ကျင့်နေရင်းမိသားစုဘဝရပ်တည်ရေးအတွက် အနာဂတ်ကိုစိတ်ပူနေတဲ့ဗန်ကို မိခင်ဖြစ်သူက သူ့ဘဏ်ကဒ်ထုတ်ပေးပြီး နောက်ဆံမတင်းဖို့ အားပေးခဲ့ပါတယ်။ မိခင်ရဲ့ချစ်ခြင်းမေတ္တာဟာသူ့ဘဝအောင်မြင်မှုအတွက်အရမ်းအရေးပါခဲ့တယ်လို့ ဗန်က မကြာခဏထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဗန်ရဲ့အဒေါ်ရဲ့အခန်းကဏ္ဍကလည်းအရေးကြီးခဲ့တယ်လို့ ဗန်ကအင်တာဗျူးတွေမှာပြောကြားခဲ့ပါတယ်။ ကျောင်းသားဘဝကတည်းက အထိုးအကြိတ်ဝါသနာပါပြီး ရန်ဖြစ်လာတိုင်း လက်စွမ်းပြလေ့ရှိတဲ့ ဗန်ကို အဒေါ်ဖြစ်သူက ထိုးကြိတ်တာဝါသနာပါရင်MMA ကစားဖို့ အမျှော်အမြင်ရှိရှိလမ်းကြောင်းဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
ဟူစတန်မြို့ အခြေစိုက် Fury FC က စီစဉ်တဲ့ MMA ပြိုင်ပွဲတွေကို ဝင်ရောက်ထိုးသတ်ခဲ့ပြီး ဗန်ဟာ ပွဲစဉ် ၈ ပွဲမှာ ၇ ပွဲနိုင်ပြီး ၁ ပွဲသာ ရှုံးခဲ့ပါတယ်။၂၀၂၃ မှာတော့ ဗန်နဲ့ MMA လောကမှာ နာမည်အကျော်ကြားဆုံး UFC တို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဖလိုင်းဝိတ်တန်း စိန်ခေါ်ပွဲတွေ တောက်လျှောက်ဆိုသလိုထိုးသတ်ခဲ့ပါတယ်။ ဗန်ဟာ UFC 317 မှာတော့ အမေရိကန်ဖိုက်တာ ဘရာတွန်ရိုင်ဗယ်ကို အနိုင်ရပြီးနောက် ဖလိုင်းဝိတ်တန်း ချန်ပီယံ ပန်တိုဂျာကို စိန်ခေါ်ခွင့်ရခဲ့ပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၇ ရက်မှာကျင်းပတဲ့ UFC 232ပြိုင်ပွဲမှာ ဗန်ဟာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့တာပါ။ UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံး အာရှတိုက်က ကစားသမားဖြစ်လာခဲ့သလို ၊ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာ၊အသက်၂၄ နှစ်နဲ့ ချန်ပီယံဖြစ်လာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံ စတဲ့စံချိန်တွေရေးထိုးခဲ့ပါတယ်။ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံး ၊အကြမ်းဆုံးပြိုင်ပွဲဖြစ်တဲ့ UFC မှာ မြန်မာဖိုက်တာတစ်ဦးရဲ့ အိပ်မက်ဆန်ဆန် အောင်မြင်မှုတွေပဲဖြစ်ပါတယ်။
ပြိုင်ဘက်တွေကို အကြောက်အလန့်ကင်းတဲ့ ဖိုက်တာအဖြစ်နာမည်ကြီးတဲ့ ဗန်ဟာအခါတော့မြန်မာသာမက အာရှတိုက်နဲ့ ကမ္ဘာတစ်ဝန်းက သိုင်းပေါင်းစုံပြိုင်ပွဲတွေကို ဝါသနာပါသူတွေရဲ့ လေးစားအားကျရသူဖြစ်လာပါတယ်။ အာရှတိုက်မှာ ဂျပန် ၊တောင်ကိုရီးယား၊တရုတ်စတဲ့ ချမ်းသာတဲ့နိုင်ငံတွေကဖိုက်တာတွေကလည်း UFC မှာချန်ပီယံဖြစ်ဖို့ ကြိုးစားခဲ့ကြပေမယ့် အခုထိမအောင်မြင်သေးပါဘူး။
မြန်မာနိုင်ငံကို ကမ္ဘာစင်မြင့်ပေါ် မိတ်ဆက်ပြချင်တဲ့ဗန်ဟာ နိုင်ငံအလံကို UFC ကြိုးဝိုင်းပေါ် တင်ဖို့ နည်းမျိုးစုံကြိုးစားခဲ့ပါတယ်။ မြန်မာနိုင်ငံမို့လို့ အလံသယ်ဖို့ ငြင်းပယ်ကြတဲ့ ပွဲစီစဉ်သူတွေကို ဗန်က နိုင်ပွဲတွေဆက်တိုက်ထိုးပြပြီး သိမ်းသွင်းနိုင်ခဲ့ပါတယ်။မွေးရပ်ဇာတိနိုင်ငံကိုကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးဖို့ ဗန်က တိုက်ပွဲတစ်ခုလိုတိုက်ယူခဲ့ပါတယ်။
“မြန်မာအလံခြုံနိုင်ဖို့ ကျွန်တော်တိုက်ယူခဲ့ရတာ။ ဒါက လွယ်ကူတဲ့အလုပ်တော့ မဟုတ်ခဲ့ပါဘူး”လို့ ဗန်က BBC နဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။
ဗန်ဟာသံလှောင်အိမ်အတွင်းမှာပဲအကြောက်အလန့်ကင်းတာတင်မဟုတ်ပါဘူး။လက်တွေ့ဘဝမှာလည်းသူယုံကြည်ရာကိုပြောဖို့မတွန့်ဆုတ်သူပါ ။ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီး အခြေအနေတွေကို ကမ္ဘာကြီးကအမှန်အတိုင်းသိအောင် ပြောဖို့ သူမတွန့်ဆုတ်ခဲ့ပါဘူး ။ဒါဟာ အာဏာသိမ်းစစ်တပ်ကို အကြမ်းမဖက်အာဏာဖိဆန်တဲ့(CDM လုပ်တဲ့) အားကစားသမားတွေမှာပဲတွေ့ရတဲ့ ရှားပါးတဲ့ သတ္တိကောင်းသူတွေသာလုပ်နိုင်တဲ့အလုပ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဟာအရာအားလုံးကို ပျက်စီးကိန်းကြုံစေခဲ့ပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်ပြီး တိုက်ပွဲဝင်နေပြီးအောင်ပွဲရတဲ့ထိ ဆက်ပြီးတိုက်ခိုက်နေမှာဖြစ်တယ်လို့ ဗန်ကစင်ကာပူအခြေစိုက် Straits Times သတင်းဌာနနဲ့ ၂၀၂၅ ဇွန်လဆန်းအင်တာဗျူးမှာပြောကြားခဲ့ပါတယ်။
“အဲ့ဒါက(စစ်အာဏာသိမ်းတာက)ကျွန်တော်တို့အားလုံးအတွက် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုက်နေဆဲပဲ… ပြီးတော့ ကျွန်တော်တို့ အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်သွားမယ်”လို့ဗန်ကပြောခဲ့ပါတယ် ။
မြန်မာပြည်သူတွေရဲ့အဲဒီရုန်းကန် ကြိုးစားမှုမှာ သူဟာ ဥပမာတစ်ခုလို့ သတ်မှတ်နိုင်ပြီး သူ့အနေနဲ့ ရှုံးခဲ့တဲ့တိုင် ပြန်ရုန်းထပြီး ရှေ့ဆက်ခဲ့ကြောင်းလည်း ဗန်ကဆက်ပြောခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းယူမှု မခံရခင်ထိ မြန်မာဟာ အားကောင်းပြီးလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့တယ် ဆိုတာကို လူတွေသိစေချင်ကြောင်း လည်းသူကဖွင့်ဟပါတယ်။

အခုအခါမှာUFC ဖလိုင်းဝိတ်တန်းမှာ ကမ္ဘာမှာနာမည်အကြီးဆုံး ချန်ပီယံဗန်ကို ပြိုင်ဖက်တွေကအကဲစမ်းဖို့အမြဲတမ်း ချောင်းမြောင်းနေကြပါတယ်။စိန်ခေါ်သူတွေကိုအနိုင်ယူရင်း ဗန့်ရင်ထဲမှာ ကိန်းအောင်းနေခဲ့တဲ့ ဇာတိရွာလေးဆီအလွမ်းက ပိုနက်ရှိုင်းလာပါတယ်။ ပန်တိုဂျာကိုအနိုင်ယူပြီးလအနည်းငယ်အကြာမှာ စိန်ခေါ်သူဂျပန်ဖိုက်တာ တတ်ဆူရိုကိုအလဲထိုးပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကိုကာကွယ်လိုက်ပြီးတဲ့အခါ ဇာတိရွာနဲ့အနီးဆုံးနေရာကို ပြန်ရောက်ဖို့အကြောင်းဖန်လာပါတယ်။
၂၀၂၆ မေလ ၉ ရက်နေ့က အမေရိကန်မှာ ကျင်းပခဲ့တဲ့ UFC 328 ပွဲစဉ်မှာ တတ်ဆူရိုကို အနိုင်ယူခဲ့တာဖြစ်ပြီးပွဲအပြီးမှာတော့ ဗန်နဲ့အတူ မြန်မာကို ကမ္ဘာကြီးက ပိုသိလာပါပြီ။
UFC ပြိုင်ပွဲမှာ ၁၁ ပွဲထိုးသတ်ပြီး ၁၀ ပွဲနိုင် ၊၁ ပွဲရှုံးစံချိန် နဲ့ နောက်ဆုံးယှဥ်ပြိုင်တဲ့ ၇ ပွဲဆက်ပြိုင်ဘက်တွေကိုအနိုင်ယူထားတာဖြစ်ပါတယ်။
ဂျပန်ဖိုက်တာတက်ဆူရိုကိုအလဲထိုးပြီးတစ်ပါတ်ခန့်အကြာမှာပဲ အာရှခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဗန်ငယ်စဉ်ကနေခဲ့ဖူးတဲ့ မလေးရှားနဲ့ အိန္ဒိယနိုင်ငံက ဒုက္ခသည်စခန်းတွေဆီကို ပြန်လာခဲ့တာပါ။ ဒါဟာဗန် အမေရိကကို ထွက်သွားပြီးနောက်ပိုင်းဇာတိရွာနဲ့အနီးဆုံးနေရာကို ပထမဆုံးအကြိမ်ပြန်လာနိုင်ခဲ့တာပါ။
မေလရဲ့ မိုးရေစက်တွေအောက်မှာ ဇာတိရွာနဲ့ အနီးဆုံးနေရာအထိ ရောက်နိုင်သမျှရောက်အောင်ဗန်ကြိုးစားခဲ့ပါတယ်။မလေးရှားနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ အိုက်ဇောမြို့အထိ ဗန်အရောက်လာခဲ့ပါတယ်။ အိုက်ဇောမြို့ဆိုတာ ချင်းပြည်နယ် ရိခေါန်ဒန်မြို့နဲ့ ဆက်စပ်နေတာပါ။ ဗန်ရောက်လာတဲ့ စစ်ရှောင်စခန်းကနေ ချင်းပြည်နယ်၊ နယ်စပ်ကို ကားနဲ့နေ့ချင်းပြန်သွားလို့ရပါတယ်။ ဒါပေမယ့် ဗန်တစ်ယောက် ချင်းပြည်နယ်ထဲကို တော့ ရောက်မလာနိုင်ခဲ့သေးပါဘူး။
နယ်စပ်မှာ မတည်ငြိမ်တဲ့အတွက်အိန္ဒိယအစိုးရကမြန်မာနဲ့နယ်စပ်ကိုProtect Area လို့သတ်မှတ်ထားပြီး နိုင်ငံခြားသားတွေအဝင်အထွက်ကိုကန့်သတ်ထားပါတယ်။ချင်းပြည်နယ်က မြို့နယ်အများစုကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေလည်း ဆက်ရှိနေပါတယ်။ တိုက်ပွဲတွေအတွင်း ဗန့်ဇာတိရွာထဲအထိ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ဖူးပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းမှာ ဟားခါးမြို့နယ်ထဲက တောင်ပေါ်ရွာနှစ်ရွာကို အာဏာသိမ်းစစ်တပ်ကဗုံးကြဲလို ကလေးနှစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ပါတယ်။ ဗန့်ရဲ့ ဇာတိမြို့ဟာ ယမ်းငွေ့တွေ ဝေနေပါတယ်။ ဗန်က အဝေးကနေ လွမ်းယုံသာ တတ်နိုင်ခဲ့ပါတယ်။
ဗန်ကတော့ သူ့အနေနဲ့ မြန်မာနိုင်ငံကိုပြန်လာချင်တယ်လို့ သတင်းမီဒီယာတွေကနေတဆင့် မကြာခဏရင်ဖွင့်ပါတယ်။ မြန်မာနိုင်ငံအလံကို ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးဖို့ တစိုက်မတ်မတ်ကြိုးပမ်းခဲ့တဲ့ ဗန်ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အခြေအနေတွေကိုလည်း မျက်ခြေမပြတ်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ တကယ်ဖြစ်နေတဲ့အခြေအနေတွေကို ကမ္ဘာကသိစေချင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။သူဟာ မြန်မာနိုင်ငံသားတွေနဲ့အတူတူ အမြဲရပ်တည်နေပြီး အမြဲဆုတောင်းပေးနေတယ်လို့ ဆိုပါတယ်။မြန်မာပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ရဲစွမ်းသတ္တိတွေမဆုံးရှုံးစေဘဲသတ္တိရှိရှိ ကျော်ဖြတ်ဖို့လည်း ဗန်ကအားပေးစကားပြောပါတယ်။ ဒါကြောင့်လည်း မြန်မာလူထုက ဗန်ကို ချစ်ကြပါတယ်။
ဗန်တစ်ယောက် ဇာတိရွာကိုပြန်မလာနိုင်သေးခြင်းအကြောင်းအရာတွေထဲမှာ မြန်မာနိုင်ငံရေးကအဓိကကျပါတယ်။၂၀၂၁ ခုနှစ်မှာ စစ်တပ်က လက်နက်အားကိုးနဲ့အာဏာလုယူခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကိုပစ်ခတ်သတ်ဖြတ်တာကြောင့် နိုင်ငံအနှံ့ ပြည်သူလူထုရဲ့ခုခံတိုက်ပွဲတွေဟာ လက်ရှိအချိန်အထိ အရှိန်ရနေပါတယ်။ စစ်တပ်ကလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမားတွေ၊ ဆန့်ကျင်သူတွေကို မတရားဖမ်းဆီးထားပါတယ်။ ကုလသမဂ္ဂရဲ့တရားဝင်စာရင်းတွေအရလူဦးရေလေးသန်းနီးပါး နေရပ်ကိုစွန့်ခွာထွက်ပြေးနေရပါတယ်။
အရပ်သားတွေကိုနေ့စဉ်သတ်ဖြတ်နေပါတယ်။ဒီလိုအာဏာရှင်ကို ဖြုတ်ချဖို့အတွက် လူထုခုခံစစ်ပွဲတွေ အစောဆုံး ဖော်ဆောင်ခဲ့ကြတဲ့အထဲမှာ ချင်းတောင်တန်းသားတွေ ရှေ့ဆုံးကပါခဲ့ကြပါတယ်။အမှန်တရားဘက်ကိုရပ်တည်တဲ့ ဒေသခံလူထုဟာ အာဏာရှင်ကို တော်လှန်ရင်း အောက်ချင်းငှက်ရဲ့ သစ္စာတရားကို ဆက်လက်သက်သေထူနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်တပ်ကမတရားဖမ်းဆီးထားသူတွေ ပြန်လွတ်မြောက်ရေးနဲ့ နေရပ်ကိုစွန့်ခွာထွက်ပြေးနေရတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ အိမ်ပြန်လာခွင့်ရဖို့၊ စစ်ကောင်စီကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ရေးယူနိုင်ဖို့က လူထုတော်လှန်ရေးအောင်နိုင်ဖို့လိုနေသလို ဗန်ရဲ့အိမ်ပြန်ခရီးကလည်း မြန်မာ့နိုင်ငံရေးပေါ်မှာ လုံးဝမူတည်နေတယ်လို့ ချင်းတိုင်းရင်းသားတစ်ဦးကဆိုပါတယ်။
“ဗန်လည်း ပြန်လာချင်မှာ ကျတော်တို့သိတယ်။ဒါပေမယ့် မဖြစ်နိုင်သေးဘူး”လို့ ချင်းတိုင်းရင်းသား တော်လှန်ရေးရဲဘော်တစ်ဦးက တစ်ဦးကပြောပါတယ်။
ဗန်အတွက် မြန်မာအချိန်နဲ့ဆိုရင် စက်တင်ဘာ ၂၀ ရက်မနက်ခင်း( အမေရီကန်အချိန်စက်တင်ဘာ ၁၉ ညနေ) ဟာအရေးကြီးမှတ်တိုင်စိုက်ထူရမယ့်နေဖြစ်လာပြန်ပါပြီ။ချန်ပီယံဟောင်း ဘရာဇီးဖိုက်တာပန်တိုဂျာက မကျေပွဲစိန်ခေါ်တာကြောင့် UFC 331 မှာ အဓိကပွဲစဥ်အဖြစ် ဗန်ကချန်ပီယံခါးပါတ်ကာ ကွယ်ပွဲယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
နာဘွာလ်းရွာလေးကတော့ ဗန်ရှိခဲ့စဉ် လွန်ခဲ့တဲ့နှစ်၂၀ကျော်ကအတိုင်း ဘာမှ မပြောင်းလဲသေးပါဘူး။ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးထဲက ဗန်နေခဲ့တဲ့ အိမ်လေးကလည်း ယခင်အတိုင်းရှိနေဆဲဖြစ်ပါတယ်။ ဗန်တစ်ယောက် ကြိုးဝိုင်းထဲမှာထိုးသတ်တဲ့နေ့တွေဆိုရင်တော့နာဘွာလ်းရွာလေးဟာ အခြား နေ့တွေနဲ့မတူဘဲ ပိုပြီး လှုပ်လှုပ်ရှားရှားရှိတတ်ပါတယ်။ ကလေး၊လူကြီးအရွယ်စုံကို ဗန်ကိုရုပ်သံကတဆင့် အားပေးကြပါတယ်။စက်တင်ဘာ ၂၀ ရက်မနက်ခင်းမှာလည်းနာဘွာလ်းရွာသားတွေဟာဗန်ကိုအားပေးဖို့ စိတ်လှုပ်ရှားနေကြပါပြီ။
နာဘွာလ်းရွာသားတစ်ဦးကတော့သူ့မျှော်လင့်ချက်ကို အခုလိုပြောပြပါတယ်။
“ဗန်ကိုကျနော်တို့ အမြဲအားပေးနေတယ်။သူ ပြန်လာဖို့ကတော့ တော်တော်ခက်မှာ။ ဖြစ်နိုင်ရင်တော့ မနက်ဖြန်သဘက်ခါမှာတောင်ရောက်လာစေချင်တယ်”။ဗန်က ပြိုင်ဘက်တွေကိုအနိုင်ယူသလို တော်လှန်ရေးအင်အားစုတွေ စစ်အာဏာရှင်ကိုအနိုင်ယူပြီး ပြည်သူ့အစိုးရ စစ်စစ် နဲ့ ဒီမိုကရေစီ ရနံ့တွေသင်းပျံ့တဲ့ တနေ့မှာတော့ ဗန်တစ်ယောက်ချစ်လှတဲ့ ဇာတိရွာလေးဆီ အရောက်ပြန်လာမှာကို နာဘွာလ်းရွာသားတွေယုံကြည်နေပါတယ်။


















































