စက်တင်ဘာ-၁၈၊ ၂၀၂၆။ ကတ်သရင်း/People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ္တရာမြိုနယ်အနောက်ခြမ်းက ဥဒိန်ရွာကို စက်တင်ဘာ ၁၇ ရက် မနေ့က မနက်ပိုင်းမှာ မတ္တရာမြို့ဘက်ကနေ စစ်တပ်က လူ၊ ခဲယမ်း၊ လက်နက်တွေပါ အင်အားတိုးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ညနေပိုင်းမှာ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်တာ ဒရုန်းနဲ့ ဗုံးကြဲတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“ဘုန်းကြီးကျောင်းပေါ် ကျပြီး ကပ္ပိယကြီးက သေတယ်။ ဥူးပဉ္ဇင်းတပါး ဒဏ်ရာရတယ်လို့ သိရတယ်။ ဘာသတင်းမှမကြားဘူး။ အင်အားတွေ တိုးတာ ဒရုန်းတွေ၊ လက်နက်ကြီးတွေပါ ဖြည့်ပြီးလိုက်ချနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အနောက်ခြမ်း ရေကြောင်းလမ်းဘေးက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ ကင်းထောက် ဒရုန်းဝဲတာတွေဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၄ရက်ကလည်း ကျွန်းကြီးရွာကို တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ လင်မယားနှစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။


















































